ဘန်းလမွတ်ရွာအနီး နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပြီး ခရီးသည်ကားများ နာရီနှင့်ချီ ပိတ်မိခဲ့

0
2714

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ရွာအနီးတွင် နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေပြီး ခရီးသည်ကားများနှင့် ကုန်ကားများ နာရီနှင့်ချီ ပိတ်မိခဲ့ကြောင်း ဒေသခံများနှင့် ကားသမားများထံမှ သိရသည်။

ဘန်းလမွတ်ကျေးရွာအုပ်စု၊ ကမ်းတိုရွာနှင့် ညောင်ပင်ကုန်းရွာအနီးတစ်ဝိုက်တွင် ဇန်နဝါရီလ ၂၃ရက်နံနက်နှင့်ယနေ့ ဇန်နဝါရီ ၂၄ ရက် နံနက်တို့တွင် တိုက်ဖြစ်ပွားကြောင်း ၎င်းတို့ထံမှ သိရသည်။

တိုက်ပွဲကြောင့် ကား၊ ဆိုင်ကယ်များ ဇဝဲရွာလမ်းဆုံတွင် ပိတ်မိခဲ့ကြောင်း ကားသမားများကပြောသည်။

ဇန်နဝါရီလ ၂၃ ရက် တိုက်ပွဲ ဖြစ်ပွားချိန်က ကားများ နှစ်နာရီခန့်ကြာ ပိတ်မိခဲ့ကြောင်း ၎င်းတို့ ထံမှ သိရသည်။

“ဒီနေ့ဆို မိုးလင်းကတည်း ပိတ်မိနေတာ။ မနေ့ကလည်း အဲဒီနားမှာ ဖြစ်သေးတယ်”ဟု ကားသမားတစ်ဦးက ဆိုသည်။

ယနေ့တွင်လည်း ပိတ်မိခဲ့သည့် ကားများရာချီရှိခဲ့ပြီး နံနက် ၉ နာရီခွဲဝန်းကျင်တွင် ပြန်လည် သွားလာခွင့်ပြုခဲ့ကြောင်း ၎င်းတို့က ဆိုသည်။

“မနေ့က အာရုံချိန်ကတည်းက စဖြစ်နေတာ။ ညကလည်း ညနက်တဲ့အထိလက်နက်ကြီးတွေနဲ့ပစ်နေတာ။ အခုဒီမနက်စောစောလည်း ပစ်တုန်းပဲ။ နားလိုက် ပစ်လိုက် လုပ်နေကြတာ” ဟု အနောက်မော်တုန်းရွာ ဒေသခံအမျိုးသမီးကပြောသည်။

စစ်ကောင်စီတပ်ဘက်က ပစ်ခတ်သည့် လက်နက်ကြီးများ အနီးအနားဝန်းကျင်က ကျေးရွာများအတွင်း ကျရောက်ပေါက်ကွဲမှုများရှိနေသည့်အတွက် လက်နက်ကြီးထိမှန်မည်ကို ကျေးရွာဒေသခံများ စိုးရိမ်နေကြကြောင်း ရွာသားများကပြောသည်။

တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်၊ မော်တုံးကျေးရွာအနီးတစ်ဝိုက်တွင် ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့ကြား မကြာခဏ တိုက်ပွဲဖြစ်လေ့ရှိသည်။