ဘုရားသုံးဆူမြို့ရှိ ထွေအုပ် စရဖ လဝကရုံးများ တိုက်ခိုက်မီးရှို့ခံရ

0
2761

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ရှိ စစ်ကောင်စီဌာနဆိုင်ရာရုံးများ တိုက်ခိုက်မီးရှို့ခံရကြောင်း မြို့ခံများထံမှ သိရသည်။

ဇန်နဝါရီလ ၂၃ ရက် ည ၁၀ နာရီခန့်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက် မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ လူဝင်မှုကြီးကြပ်ရေးရုံး၊ စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) ရုံးနှင့် စည်ပင်ရုံးတို့ စီးနင်းတိုက်ခိုက်ခံ မီးရှို့ခံခဲ့ရကြောင်း မြို့ခံတို့က ဆိုသည်။  

တိုက်ခိုက်ခံရပြီးနောက် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနေပြီး ယနေ့ ဇန်နဝါရီလ ၂၄ ရက် နံနက်ပိုင်းအထိ သေနတ်သံကြားနေရသေးကြောင်း ဘုရားသုံးဆူမြို့ခံတစ်ဦးက ပြောသည်။

“ညက ၉ နာရီခွဲ၊ ၁၀ နာရီလောက်မှာ ပစ်ခတ်သံတွေ ကြားတော့ အခြေအနေမေးကြည့်တာ စရဖရုံး၊ လဝက၊ မယကရုံးတွေကို မီးရှို့နေတာ သိရတယ်။ ဒီမနက်မှာလည်း သေနတ်သံ တစ်ချက်နှစ်ချက်ကြားရသေးတယ်” ဟု ၎င်းက ပြောဆိုသည်။

လက်ရှိတွင် မြို့ခံတို့မှာ တိုက်ပွဲထပ်ဖြစ်လာမည်ကို စိုးရိမ်နေကြပြီး မြို့ခံအချို့မှာ ဘေးလွတ်ရာ ထိုင်းဘက်ကမ်းသို့ တိမ်းရှောင်သွားသူများလည်း ရှိနေကြောင်း မြို့ခံတို့ထံမှ သိရသည်။

ဘုရားသုံးဆူမြို့ တိုက်ပွဲနှင့်ပတ်သက်ပြီး နှစ်ဖက်စလုံးက သတင်းထုတ်ပြန်ခြင်း မရှိသေးသလို နှစ်ဖက်ထိခိုက် သေဆုံးမှု ရှိ မရှိ အခြေအနေကိုလည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများ၊ ရဲစခန်းများကို KNLA ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်လာခဲ့ပြီးနောက် ဇန်နဝါရီလအတွင်းမှာ နှစ်ဖက်တိုက်ပွဲပြင်းထန်လာခဲ့သည်။

ကြာအင်းဆိပ်ကြီးမြို့နယ်နယ်မြေအတွင်း တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားနေခြင်းကြောင့် ခရီးသွားပြည်သူများအတွက် အန္တရာယ်ရှိသည်ဆိုပြီး ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်းကို KNU ဒူးပလာယာခရိုင်က ဇန်နဝါရီလ ၁၆ ရက်နေ့ကစပြီး သွားလာခွင့် ပိတ်ပင်ခဲ့သည်။