PDF ဟန်ဆောင် ငွေကြေးတောင်းခံမှု ထပ်ရှိလာဟုဆို

0
2743

ပြည်သူ့ကာကွယ်ရေးအဖွဲ့အဖြစ် ဟန်ဆောင်ကာ ပြည်သူအချို့ထံ ဖုန်းဆက်ပြီး ငွေကြေးလိမ်လည်တောင်းခံမှုများ တဖန်ပြန်ပေါ်လာကြောင်း စုံစမ်းသိရှိရသည်။

ဒီဇင်ဘာလနောက်ဆုံးအပတ်က ထားဝယ်ခရိုင်ရှိ ဥယျာဉ်ခြံသမားတစ်ဦးထံသို့ PDF က ဗိုလ်မိုးကြိုးဟုဆိုသည့် အမည်ဖြင့် ဖုန်းဆက်ငွေကြေးတောင်းခံခဲ့ကြောင်း ကာယကံရှင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့အမည်အသုံးချကာ ငွေကျပ်သိန်းဆယ်ချီကို အွန်လိုင်းငွေပေးချေမှုစနစ်ဖြင့် ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

တောင်းသည့် ငွေမပေးသဖြင့် ရိုင်းစိုင်းသည့် အသုံးအနှုန်းများဖြင့် ဆဲဆိုခဲ့သည့်အပြင် အသက်အန္တရာယ်ကိုလည်း ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်း မြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ အယောင်ဆောင်ကာ ပြည်သူအချို့ထံ ဖုန်းဆက်ငွေကြေးတောင်းခံမှုရှိနေကြောင်း ဇန်နဝါရီလ ၂၁ ရက်က ထုတ်ပြန်အသိပေးထားသည်။

ယင်းကဲ့သို့ ငွေကြေးတောင်းခံခြင်းမှာ ၎င်းတို့အဖွဲ့နှင့်သက်ဆိုင်မှု လုံးဝမရှိကြောင်းနှင့် ပြည်သူများ၏ ချွေးနှဲစာများအား လိမ်လည်တောင်းခံနေခြင်းကို ပြင်းထန်စွာရှုတ်ချကြောင်း ထုတ်ပြန်သည်။

ယင်းသို့ လိမ်လည်တောင်းခံမှုများကို စုံစမ်းဖော်ထုတ်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယမန်နှစ်ကလည်း အလားတူ ပြည်သူ့ကာကွယ်ရေးအဖွဲ့ အယောင်ဆောင်ကာ ထားဝယ်မြို့ရှိ စီးပွားရေး လုပ်ငန်းရှင်အချို့နှင့် သာမန်ပြည်သူအချို့ထံ ငွေကြေးတောင်းခံမှုများ ပြုလုပ်ခဲ့ဖူးသည်။

မိသားစု၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်ကာ ဖုန်းဆက်ငွေတောင်းခံလေ့ရှိပြီး အွန်လိုင်းငွေပေးချေမှုစနစ်ဖြင့် ပေးရန် တောင်းဆိုလေ့ရှိသည်။

ကျွမ်းကျင်သူတို့ကမူ ယင်းကဲ့သို့ ခြိမ်းခြောက်ငွေတောင်းခံလာပါက အကြောက်လွန်ပြီး ငွေမပေးရန်၊ မိမိဖုန်းနံပါတ်အား ပြောင်းလဲအသုံးပြုရန် စသည်ဖြင့် အကြံပြုထားသည်။