ထားဝယ်-ထီးခီးလမ်း ဖြတ်သန်းခွင့် စစ်ကောင်စီတပ်က ရက်အကန့်အသတ်မရှိပိတ်

0
3049
ထားဝယ်-ထီးခီးလမ်းပိုင်းရှိ မေတ္တာတံတား

ထားဝယ်အရှေ့တောနယ်ဖြစ်သည့် ထားဝယ်-ထီးခီးလမ်းပိုင်း ဖြတ်သန်းသွားလာခွင့်ကို စစ်ကောင်စီတပ်က ယနေ့ (ဇန်နဝါရီ ၂၃)မှစတင်ကာ ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ယင်းလမ်းပိုင်းကို ပိတ်ရသည့် အကြောင်းအရင်းနှင့် မည်မျှကြာအောင် ပိတ်မည်ဆိုသည်ကိုမူ ပြောကြားခြင်း မရှိသဖြင့် ကာလရှည်ပိတ်လိုက်မည်ကို ဒေသခံများစိုးရိမ်နေကြသည်။

အဆိုပါလမ်းပိုင်းရှိ ပကာရီရဲစခန်းမှ ထိုင်းနယ်စပ် ထီးခီအထိ လမ်းတစ်လျှောက်ကို စစ်ကောင်စီက ဖြတ်သန်းခွင့်ပိတ်ခဲ့ကြောင်း အရှေ့တောနယ်နှင့် ထားဝယ်မြို့သို့ ပြေးဆွဲနေသည့် ကားသမားများနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

လမ်းပိတ်မည့်အကြောင်းကို စစ်ကောင်စီတပ် လက်အောက်ခံရဲစခန်းက ကားသမားအချို့ကို ဖုန်းဆက် အသိပေးမှုများလည်း ရှိနေသည်။

ထိုကဲ့သို့ လမ်းပိတ်လိုက်သည့်အတွက် ဒေသခံများမှာ စားနပ်ရိက္ခာပြတ်လပ်လာမည်ကို စိုးရိမ်နေကြကြောင်း အထက်ပါနီးစပ်သူက ပြောသည်။

“ကားတွေ တစ်စီးမှထွက်မလာကြဘူး။ အရင်ကတည်းက ဆန်သယ်ခွင့်ကို ပိတ်ထားတာ။ အခုသွားလာခွင့်ပါ ပိတ်လိုက်တော့ ငတ်ပြတ်လာမှာကို ကြောက်နေကြတယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိပိတ်လိုက်သည့် ပကာရီရဲစခန်းမှ ‌ထီးခီးနယ်စပ်အထိ နယ်မြေတစ်လျှောက်တွင် ‌ကျေးရွာအများအပြားရှိသည်။

ယင်းလမ်းပိုင်းတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ အားကောင်းသည့်အတွက် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးရန် လမ်းပိတ်ခြင်းဖြစ်နိုင်ကြောင်း အရှေ့တောဒေသနေ အခြားအမျိုးသားတစ်ဦးက ဆိုသည်။

“သူတို့က ဖြတ်လေးဖြတ်ဆိုတာမျိုး လုပ်ချင်ပုံရတယ်။ ရွာကလူတွေတော့ စိုးရိမ်နေကြတယ်”ဟု အဆိုပါ အမျိုးသားက ပြောသည်။

Kawthoolei Army(KTLA) နှင့် နွေဦးပြောက်ကျား တပ်ဖွဲ့ကလည်း အဆိုပါလမ်းပိုင်း ဖြတ်သန်းခွင့် ပိတ်လိုက်ကြောင်း ဇန်နဝါရီလ ၂၁ ရက်နေ့က အရေးပေါ်အသိပေးချက် ထုတ်ပြန်ထားသည်။

အဆိုပါလမ်းပိုင်းရှိ မေတ္တာမြို့အလွန်တွင် KNU တပ်မဟာ ၄ ၏ တပ်စခန်းများလည်းရှိသည်။