ပုလောမြို့အဝင်တွင် စစ်ဆေးရေးဂိတ်တစ်ခုထပ်တိုးလာ

0
2776

မြိတ်ခရိုင်၊ ပုလောမြို့အဝင်တွင် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တစ်ခု ထပ်တိုးလာကြောင်း ဒေသခံများထံမှ သိရသည်။

မြိတ်ဘက်မှ ပုလောမြို့သို့ ဝင်ရောက်ရာတွင် ယခင်က မကျည်းကုန်းရွာ စစ်ဆေးရေးဂိတ်တစ်ခုသာရှိခဲ့ပြီး လွန်ခဲ့သည့် နှစ်ရက်မှစတင်ကာ ပုလော (၂၈၅) တပ်ရင်းရှေ့တွင် ဂိတ်တစ်ခုထပ်တိုးလာကြောင်း ဒေသခံများက ဆိုသည်။

“ဂိတ်ထပ်တိုးလာတော့ နှစ်ခါ အစစ်ခံရတယ်။ အဲဒီတော့ သွားရလာရ အချိန်ပိုကုန်တယ်။ စိတ်အနှောင့်အယှက်လည်း ပိုလာတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ယခင်က မကျည်းကုန်းရွာဂိတ်တွင် အစစ်ခံပြီးလျှင် ပုလောမြို့အတွင်းသို့ ဝင်ရောက်နိုင်သော်လည်း လက်ရှိတွင် (၂၈၅) တပ်ရင်းရှေ့တွင် ထပ်မံအစစ်ဆေးခံယူပြီးမှ မြို့အတွင်းသို့ ဝင်ခွင့်ပြုနေခြင်းဖြစ်သည်။

“အရင်က (ရပ်ကျေး အုပ်ချုပ်ရေးမှူး) ထောက်ခံစာပြပြီး ဝင်လို့ရပေမယ့် အခုက မရတော့ဘူး။ ဂိတ်လည်း ထပ်တိုး လာတယ်။ မှတ်ပုံတင်လည်း ပြရတယ်ဆိုတော့ ကျွန်တော့်အထင် ဒါဟာသူတို့ (စစ်ကောင်စီတပ်) အလိုရှိ သူတွေကို အလွယ်တကူ ဆွဲ (ဖမ်း) ဖို့လုပ်တဲ့ သဘောလို့ မြင်တယ်” ဟု ဒေသခံအမျိုးသား နောက်တစ်ဦးက ပြောဆိုသည်။

မှတ်ပုံတင် မပါသူများကိုလည်း ဖြတ်သန်းသွားလာခွင့်မပြုကြောင်း ဒေသခံများထံမှ သိရသည်။

မကျည်းကုန်းရွာ စစ်ဆေးရေးဂိတ်နှင့် ၂၈၅ တပ်ရင်းစစ်ဆေးရေးဂိတ် အကွာအဝေးမှာ လေးခွတစ်ပစ်စာသာရှိပြီး တစ်ဂိတ်နှင့် တစ်ဂိတ်အနီးကပ်မြင်တွေ့နေရကြောင်း ဒေသခံများက ဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၆ ရက်က ပုလောမြို့၊ ရှပ်ပုံရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ဒေသခံတစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

ယင်းနောက် ယခုရက်ပိုင်းအတွင်း ပုလောမြို့အဝင် စစ်ဆေးရေးဂိတ်ထပ်မံ တိုးမြှင့်လိုက်ခြင်းဖြစ်သည်။