ကော့သောင်းမီးသတ်ရုံးတွင် ပေါက်ကွဲမှုဖြစ်၊ တစ်ဦးသေပြီး တစ်ဦးဒဏ်ရာရ

0
2757
ကော့သောင်းမြို့မီးသတ်ဦးစီးဌာနရုံး

ကော့သောင်းမြို့ မီးသတ်ဦးစီးဌာနအတွင်း ဇန်နဝါရီလ ၂၂ ရက် နံနက် ၁၁ နာရီခန့်က ပေါက်ကွဲမှုဖြစ်ပြီး မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရကြောင်း ဒေသခံအချို့က ပြောသည်။

ဝရိန်ဆော်ရာမှတစ်ဆင့် အောက်ဆီဂျင်အိုးဟု ယူဆရသည့်အိုးတစ်လုံး ပေါက်ကွဲခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

“တစ်ယောက်ကတော့ ဆုံးသွားတယ်။ တစ်ယောက်ကတော့ ဆေးရုံမှာ တော်တော်ထိခိုက်မှုရှိတယ်လို့ ကြားရတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

အဆောက်အအုံနှင့် အခြားထိခိုက်မှုမရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။

ကော့သောင်း မီးသတ်ဦးစီးဌာနသည် မြို့နယ်နှင့် ခရိုင်ရုံးကို ရုံးတစ်ခုတည်းဖြင့် ပေါင်းဖွင့်လှစ်ထားခြင်းဖြစ်ပြီး အဏ္ဏဝါရပ်ကွက် ကျောက်ဖျာလမ်းတွင် တည်ရှိသည်။

အဆိုပါရုံးအနီးတွင် ဆောက်လုပ်ရေး၊ လူဝင်မှုကြီးကြပ်ရေးစသည့်ဌာနဆိုင်ရာရုံးအချို့လည်း ရှိသည်။