ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

0
2905

ရွှေဈေးမှာ အလှုပ်အခတ်အများဆုံး ကာလတစ်ခုဖြစ်ပြီး ထိုင်းဘတ်လည်း အတက်ဈေးတွင် ငြိမ်နေခဲ့သည်။

အခေါက်ရွှေဈေးမှာ တစ်ကျပ်သားလျှင် ကျပ်ကိုးသောင်းအထိ အတက်အကျဖြစ်ခဲ့သည်။

ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။

အတက်အကျကြမ်းသည့် ရွှေဈေး

ပြီးခဲ့သည့်အပတ်က ၂၈ သိန်းခွဲဝန်းကျင်အထိ ဈေးတက်ခဲ့သည့်အခေါက်ရွှေသည် ယခုအပတ်တွင် ကျပ်ကိုးသောင်းအထိ နေ့စဉ်နီးပါး အတက်အကျကြမ်းနေခဲ့သည်။

ဇန်နဝါရီလ ၁၆ ရက်(တနင်္လာနေ့)က အခေါက်ရွှေတစ်ကျပ်သားလျှင် နှစ်ဆယ့်ရှစ်သိန်းလေးသောင်း (၂၈၄၀၀၀၀ ကျပ်)ဖြင့် ဈေးဖွင့်ခဲ့သည်။

ထိုနောက် နေ့တိုင်းနီးပါး ဈေးအလှုပ်အခတ်ရှိနေခဲ့ပြီး ဗုဒ္ဓဟူးနေ့တွင် နှစ်ဆယ့်ခုနှစ်သိန်းငါးသောင်း(၂၇၅၀၀၀၀ ကျပ်) အထိ ဈေးကျသွားပြန်သည်။

ယင်းနောက် သောကြာနေ့တွင် တစ်ကျပ်သားလျှင် နှစ်ဆယ့်ရှစ်သိန်းဖြစ်သွားပြန်သည်။

ကမ္ဘာ့ရွှေဈေးတက်နေသည့်အတွက် ပြည်တွင်းရွှေဈေးလည်း အလိုက်သင့်ဈေးတက်လာခြင်းဖြစ်ကြောင်း ထားဝယ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

သို့ရာတွင် ပြည်တွင်းဝယ်လိုအားနှင့် စစ်ကောင်စီက ရွှေဈေးကျစေရန် ဖိအားပေးမှုများကြောင့် အတက်အကျ ဈေးမငြိမ်ဘဲဖြစ်နေရကြောင်း ၎င်းက မှတ်ချက်ပြုသည်။

“ကမ္ဘာ့ရွှေဈေးတက်ရင်တော့ (ပြည်တွင်း)ရွှေဈေးကတော့ သေချာပေါက် လိုက်တက်မှာပဲရှင်။ ဒါပေမဲ့ ဈေးကွက်ထဲဝင် ဝင်ဖမ်းနေရင်တော့ ပြန်ဆွဲချလိုက်ရပြန်ရော”ဟု အထက်ပါ ရွှေဆိုင်ပိုင်ရှင်က ပြောသည်။

စစ်ကောင်စီက ‌ပြည်တွင်းရွှေဈေးထိန်းညှိရန်ဟုဆိုကာ ရွှေလုပ်ငန်းရှင်များကို ခေါ်ယူပြောဆိုခြင်း၊ ဖမ်းဆီးစစ်ဆေးခြင်းများ လုပ်ဆောင်နေကြောင်း ပြည်တွင်းသတင်းအချို့တွင် ဖော်ပြသည်။

အတက်ဈေးတွင် ငြိမ်နေသည့်ဘတ်ဈေး

ပြီးခဲ့သည့်အပတ်က အလှုပ်အခတ်စဖြစ်လာသည့် ထိုင်းဘတ်ဈေးမှာ ယခုအပတ်တွင် ငြိမ်နေသည်။

တနင်္လာနေ့ပေါက်ဈေးအရ  ထိုင်းငွေတစ်ဘတ်လျှင် ၈၆ ကျပ်နီးပါးရှိခဲ့သည့် နောက်ရက်များတွင် အတက်အကျမရှိသလောက် ဖြစ်နေခဲ့သည်။

ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ ထိုင်းငွေ ၁၁၇၀ ဘတ် လဲလျှင် မြန်မာငွေကျပ် တစ်သိန်းရမည်ဖြစ်သည်။

ဘတ်ဈေးနှင့်အတူ ငြိမ်နေသည့် စက်သုံးဆီဈေး

တနင်္သာရီတိုင်း၏ စက်သုံးဆီဈေးမှာ တစ်လီတာလျှင် ၂၂၀၀ ကျပ်ဝန်းကျင်တွင် အပြောင်းအလဲနည်းနည်းဖြင့် ဈေးဖွင့်နေသည်။

92 ဓာတ်ဆီတစ်လီတာလျှင် ကျပ်၂၂၀၀ မှ ၂၃၀၀ ကျပ်အကြားတွင်သာ အတက်အကျရှိခဲ့သည်။

ယခုအပတ် တနင်္လာနေ့ ပေါက်ဈေးအရ တစ်လီတာလျှင် ၂၂၀၅ ကျပ်ရှိခဲ့ပြီး သောကြာနေ့တွင် ၂၂၇၀ ကျပ်ဖြစ်လာခဲ့သည်။

အဆိုပါဈေးနှုန်းများမှာ လိုင်စင်ရှိဆီဆိုင်ကြီးများတွင် ရောင်းချရန် စစ်ကောင်စီက သတ်မှတ်ပေးထားသည့်နှုန်းထားများဖြစ်သည်။

စစ်ကောင်စီသတ်မှတ်နှုန်းမှာ မြေပြင်တွင်ရောင်းချနေသည့်ဈေးနှင့် အနည်းဆုံး ကျပ်ရာဂဏန်းမှ ထောင်ဂဏန်းအထိ ကွာခြားနေသည်။

ပန့်ခ်ဖြင့်ရောင်းချနေသည့် ပြင်ပဆိုင်ငယ်များတွင် မြို့ပေါ်နှင့် ကျေးလက်အပေါ်မူတည်ပြီး တစ်လီတာလျှင် ၂၃၅၀ ကျပ်မှ ကျပ် ၃၂၀၀ ကျော်အထိ ရောင်းချနေသည်။

ဈေးကွက်သုံးသပ်ချက်

အတက်အကျကြမ်းခဲ့သည့်ရွှေဈေးမှာ လာမည့်အပတ်တွင် ၂၈ သိန်းဈေးတန်းတွင် ငြိမ်နေနိုင်ဟု ခန့်မှန်းရသည်။

လက်ရှိတွင် ကမ္ဘာ့ရွှေဈေးမှာ အတက်ဈေးတွင် ငြိမ်နေပြီး ဇန်နဝါရီလ ၂၁ ရက်နေ့ ပေါက်ဈေးအရ တစ်အောင်စလျှင် ၁၉၂၆ ဒေါ်လာစွန်းစွန်း ဈေးဖွင့်ထားသည်။

ပြီးခဲ့သည့်လကမူ တစ်အောင်စလျှင် ၁၈၀၀ ဒေါ်လာခန့်သာ ပေါက်ဈေးရှိသည်။

ကမ္ဘာ့ရွှေဈေးတက်နေသည့်အတွက် ပြည်တွင်းရွှေဈေးလည်း တက်နေခြင်းဖြစ်ပြီး လက်ရှိတွင် ကမ္ဘာ့ရွှေဈေး ငြိမ်နေခြင်းနှင့် ပြည်တွင်းရွှေလုပ်ငန်းရှင်များအပေါ် စစ်ကောင်စီ၏ ဖိအားပေးမှုများကြောင့် လက်ရှိဈေးတန်းတွင်ပင် ဆက်ရှိနေနိုင်သည်။

ထိုကြောင့် လာမည့်အပတ် ပြည်တွင်းရွှေဈေးမှာ ၂၈ သိန်းဝန်းကျင်တွင် အရောင်းအဝယ်ဆက်ရှိနေမည်ဟု ခန့်မှန်းရသည်။

ထိုင်းဘတ်ဈေးလည်း လာမည့်အပတ် လက်ရှိပေါက်ဈေးအတိုင်း ဆက်ရှိနေမည်ဟု သုံးသပ်ရသည်။

မြဝတီ-မဲဆောက်နယ်စပ်ဂိတ်တံတား ပြန်လည်ဖွင့်လှစ်လိုက်ပြီးနောက် လက်ရှိနှုန်းထားအတိုင်း ငြိမ်နေသဖြင့် လာမည့်အပတ်တွင်လည်း အပြောင်းအလဲကြီးကြီးမားမား မရှိနိုင်ကြောင်း ခန့်မှန်းရသည်။

ပြည်တွင်းစက်သုံးဆီဈေးမှာ ကမ္ဘာ့ရေနံပေါက်ဈေး၊ အမေရိကန်ဒေါ်လာငွေလဲဈေးနှင့် နိုင်ငံရေး အခြေအနေအပေါ် မူတည်နေသည်။

လက်ရှိကမ္ဘာ့ရေနံပေါက်ဈေးမှာ ငြိမ်နေပြီး ဒေါ်လာငွေလဲနှုန်းလည်း အလှုပ်အခတ်နည်းနေသည်။

လက်ရှိတွင် အမေရိကန်တစ်ဒေါ်လာလျှင် ၂၈၆၀ ကျပ် ဝန်းကျင် ဈေးပေါက်နေသည်။

ထိုကြောင့် ပြည်တွင်းစက်သုံးဆီဈေးမှာ လာမည့်အပတ်တွင် လက်ရှိဈေးအတိုင်း ဆက်ရှိနေမည့် အနေအထားဖြစ်သည်။