ရှပ်ပုံရွာမှ ပုလောမြို့ပေါ်သို့ တိမ်းရှောင်လာသည့် စစ်ဘေးရှောင်များ ရေနှင့် ရိက္ခာလိုအပ်

0
2885
ရှပ်ပုံရွာတိုက်ပွဲကြောင့် ထွက်ပြေးစစ်ရှောင်နေသည့် ဒေသခံများ

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ရှပ်ပုံရွာမှ ပုလောမြို့ပေါ်သို့ တိမ်းရှောင်လာကြသည့် စစ်ဘေးရှောင် ခြောက်ရာဝန်းကျင် ရှိပြီး ၎င်းတို့အတွက် ရေနှင့် စားနပ်ရိက္ခာများလိုအပ်နေကြောင်း ကူညီနေသူများထံမှ သိရသည်။

ပုလောမြို့ ဘုန်းတော်ကြီးကျောင်းများနှင့် ရပ်ကွက်အချို့တွင် ယာယီတဲထိုးကာ လာရောက်နေထိုင်နေကြရပြီး သောက်သုံးရေ၊ ချိုးရေ အပါအဝင် စားနပ်ရိက္ခာများ လိုအပ်နေခြင်းဖြစ်ကြောင်း ပုလောမြို့နေ အကူအညီပေးနေသူများက ပြောသည်။

ပုလောမြို့အရှေ့ကျောင်းတိုက် ဘုန်းတော်ကြီးကျောင်းတွင် စစ်ရှောင်သုံးရာကျော်နှင့် အမှတ် (၁) ရပ်ကွက် အမှတ် (၂) ရပ်ကွက်တွင် သုံးရာခန့် နေထိုင်နေကြကြောင်း ၎င်းတို့က ဆိုသည်။

“လက်ရှိကတော့ ဝိုင်းစုအလှူခံပြီး ချက်ပြုတ်ကျွေးမွေးနေကြတယ်။ အစားအသောက်က စားရတယ်ဆိုပေမယ့် အမှတ် (၁) ၊ အမှတ် (၂) ရပ်ကွက်မှာနေသူတွေက ရေမချိုးကြရဘူး။ တံငါပိုင်းဖြစ်နေတယ်ဆိုတော့ ရေရှားတယ်” ဟု ပုလောမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ယင်းအပြင် ပုလောမြို့ရပ်ကွက်အသီးသီးတွင် အိမ်ငှားရမ်း နေထိုင်နေကြသည့် စစ်ရှောင်များလည်း ရှိနေသေးကြောင်း မြို့ခံများက ပြောဆိုသည်။

“သူတို့ (စစ်ဘေးရှောင်နေသူတွေ) က လောလောဆယ် ရွာမပြန်ရဲကြသေးဘူး။ ရေရှည်အတွက် ရေ၊ ရိက္ခာ၊ ဆေးဝါး အကူအညီက လိုအပ်နေတာပေါ့” ဟု ပုလောမြို့ခံ နောက်တစ်ဦးက ပြောသည်။

ပုလောမြို့တစ်ဖက်ကမ်းရှိ ရှပ်ပုံရွာတွင် ဇန်နဝါရီ ၁၆ ရက်နေ့က နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည်။

နောက်ရက်များတွင် စစ်ကောင်စီတပ်က နေအိမ်လေးလုံးထက်မနည်းကို မီးရှို့ခြင်း၊ ရွာသားအချို့ကို ဖမ်းဆီးခြင်း၊ ရွာအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် ရွာသား တစ်သောင်းကျော် ဘေးလွတ်ရာ တောတောင်များ၊ မြို့ပြနှင့် ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

ယင်းအပြင် ရှပ်ပုံရွာအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင်လည်း ခိုလှုံနေကြရသည့် စစ်ဘေးရှောင်များလည်း ရှိနေသေးကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များက ရှပ်ပုံရွာအတွင်း တပ်စွဲထားပြီး နှစ်ဖက်စစ်ရေးတင်းမာလျှက်ရှိနေကြောင်း ၎င်းတို့ထံမှ သိရသည်။

ရှပ်ပုံရွာသည် ပုလောမြို့နှင့်အနီးဆုံး ရွာဖြစ်ပြီး အိမ်ခြေနှစ်ထောင့်ငါးရာခန့်ရှိသည့် ရွာကြီးဖြစ်သည်။