ပဲဒက်ရွာအနီး ဆီအုန်းစက်ရုံအဟောင်း မီးလောင်

0
2893

သရက်ချောင်းမြို့နယ်၊ ပဲဒက်ရွာအနီးတွင် ဆီကြိတ်သည့်စက်ရုံဟောင်းတစ်ခု ယနေ့(ဇန်နဝါရီ ၁၉) နံနက်ပိုင်းကစပြီး မီးလောင်ကျွမ်းခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

အဆိုပါမီးလောင်မှုကြောင့် ဆီအုန်းစက်ရုံမှာ အားလုံးနီးပါးမီးလောင်ပြာကျသွားပြီး လူထိခိုက်မှုမရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“မီးသတ်တွေလာငြှိမ်းသတ်တာမျိုးတော့ မတွေ့ရဘူး။ မနက်ကတည်းက ညနေအထိပါပဲ”ဟု ‌‌၎င်းက ပြောသည်။

စက်ရုံမီးလောင်ကျွမ်းခဲ့သည့် အကြောင်းအရင်းကိုမူ မသိရသေးပေ။

အဆိုပါစက်ရုံသည် မြိတ် – ထားဝယ် ကားလမ်းမပေါ်တွင်ရှိပြီး ပဲဒက်ကျေးရွာနှင့် တစ်မိုင်ကျော်ခန့်အကွာတွင် တည်ရှိသည်။

ယင်းစက်ရုံကို သရက်ချောင်းမြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်အဖြစ်တာဝန်ထမ်းဆောင်ဖူးသည့် ဦးကင်းစိန် ပိုင်ဆိုင်သည့် စက်ရုံဖြစ်သည်။

အဆိုပါကျေးရွာအနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား မကြာခဏတိုက်ပွဲဖြစ်ပွား လေ့ရှိပြီး လက်ရှိမီးလောင်သည့်နေရာတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ မကြာခဏတပ်စွဲလေ့ရှိသည်။

ဦးကင်းစိန်သည် သရက်ချောင်းမြို့နယ် ပဲဒက်ရွာသားဖြစ်ပြီး ကြံခိုင်ရေးပါတီကိုယ်စားလှယ်အဖြစ် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရာ အနိုင်ရခဲ့သည်။

‌ရွေးကောက်ပွဲအနိုင်ရရှိခဲ့ပြီးနောက် ထားဝယ်ခရိုင်အတွင်းရှိ လယ်ယာမြေအချို့ကို အခြားနည်းသုံးစွဲခွင့် ရရှိထားသူဖြစ်၍ ခရိုနီတစ်ဦးအဖြစ်သတ်မှတ်ခံထားရဖူးသူလည်းဖြစ်သည်။

ထိုနောက် ၂၀၁၅ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင်လည်း ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်အရွေးခံခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည်။