ဘန်ကောက်တွင် လုပ်ငန်းခွင်ထိခိုက်မှုကြောင့် ဆေးရုံတင်ထားရသော ကယန်းလူမျိုးတစ်ဦးအကူအညီလို

0
2849

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မြန်မာအလုပ်သမား ကယန်းလူမျိုးတစ်ဦးသည် ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာရရှိသဖြင့် ဆေးရုံတင်ထားရပြီး ဆေးရုံစရိတ်အတွက် အကူအညီများလိုအပ်နေကြောင်း ၎င်း၏ မိသားစုဝင်နှင့် သူငယ်ချင်းဖြစ်သူတို့ထံမှ သိရသည်။

ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် ဇန်နဝါရီလ ၁၇ ရက်နေ့က ကယန်းအမျိုးသားတစ်ဦးသည် ငြမ်းစင်ပေါ်မှ သံချောင်းများကို ရွှေ့နေစဉ် ပြုတ်ကျခဲ့သဖြင့် ဦးခေါင်းထိခိုက်သွားကြောင်း သူငယ်ချင်းဖြစ်သူက ပြောသည်။

လုပ်ငန်းရှင်သူဌေးက ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ပေးခဲ့ပြီး ဦးခေါင်းနှင့် ဝမ်းဗိုက်တို့တွင် ‌ခွဲစိတ်မှု သုံးကြိမ် ခံယူခဲ့ရကာ ယနေ့အထိ သတိမရရှိသေးကြောင်း ဆိုသည်။

မြန်မာအလုပ်သမားမှာ အသက် ၂၃ နှစ်အရွယ် ကိုပေါလူအမည်ရှိ ကယန်းတိုင်းရင်းသားဖြစ်ကာ ပြည်တွင်းရှိ စစ်ဘေးရှောင်စခန်းမှ ထွက်လာပြီး ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည်မှာ သုံး လခန့်သာရှိသေးကြောင်း ၎င်း၏ အစ်ကို ဖြစ်သူ ကိုလွင်ဦးက ပြောသည်။

ဆေးရုံတက်ရပြီး ခွဲစိတ်ကုသမှုစရိတ်အတွက် ထိုင်းဘတ်ငွေ ငါးသိန်းခန့် (ကျပ်သိန်း ၄၀၀ ကျော်) ကုန်ကျနိုင်သည်ဟု ဆေးရုံဘက်က ပြောကြားခဲ့သဖြင့် ဆေးဖိုးဝါးခ အကူအညီများလိုအပ်နေကြောင်း ၎င်းက ဆိုသည်။

“ဆေးရုံရောက်တာနဲ့ ဦးနှောက်ထိပြီပြောလို့ ချက်ချင်းခွဲရမယ်ပြောတယ်။ သူဌေးကလည်း ခွဲဖို့သဘောတူလို့ ခွဲရတယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရတော့ဘူးလို့ ဆရာဝန်တွေက ပြောတယ်။ လူကတော့ သတိမရသေး ပါဘူး။ ဒီနေ့ညနေ ၅ နာရီလောက်မှ အသေးစိတ်ထပ်သိရပါမယ်” ဟု အစ်ကိုဖြစ်သူက ပြောဆိုသည်။

၎င်းတို့သည် ကယား (ကရင်နီ) ပြည်နယ် ဒီမောဆို ဒေသခံများဖြစ်ကြပြီး တိုက်ပွဲများကြောင့် မိသားစုလိုက် စစ်ဘေးရှောင်စခန်းတွင် တစ်နှစ်ကျော် နေထိုင်ခဲ့ရကာ လွန်ခဲ့သော သုံးလခန့်ကမှ ထိုင်းနိုင်ငံသို့ အလုပ်လုပ်ကိုင်ရန် လာရောက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

မိသားစုဝင်များသည် စစ်ဘေးရှောင်စခန်းတွင် စစ်ရှောင်နေကြရဆဲဖြစ်ရာ ဆေးရုံစရိတ်အတွက် အကူအညီများ လိုအပ်နေသဖြင့် ၎င်း၏ ထိုင်းဖုန်း (0066) 0994171318 ကို ဆက်သွယ်ပြီး ကူညီနိုင်ကြောင်း အစ်ကိုဖြစ်သူက ပြောသည်။