ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားအသင်းဟာ ဘင်္ဂလားဒေ့ရှ်နဲ့ ခြေစမ်းပွဲကစားပေးဖို့ နီးစပ်နေပြီလို့ ဘင်္ဂလားဒေ့ရှ်ဘောလုံးအဖွဲ့ချုပ် အသိပေး

0
3008

လက်ရှိ ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားအသင်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီကို ခြေစမ်းပွဲလာရောက်ကစားပေးဖို့အရမ်းပဲ နီးစပ်နေပြီဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်ဘောလုံးအဖွဲ့ချုပ်က အသိပေးထားပါတယ်။

ဒီသတင်းကို ဘင်္ဂလားဒေ့ရှ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ကာဇီ ဆလာဟူဒင် က တရားဝင်ထုတ်ဖော်ပြောကြားသွားခဲ့တာဖြစ်ပြီး လာမယ့်ဇွန်လရောက်ရင် ကစားခွင့်ရှိတဲ့ ဖီဖာနိုင်ငံတကာချစ်ကြည်ရေးခြေစမ်းပွဲသီတင်းပတ်မှာ ဘင်္ဂလားဒေ့ရှ်နဲ့ အာဂျင်တီးနားတို့ ယှဉ်ပြိုင်တဲ့ ခြေစမ်းပွဲကို မြင်တွေ့ခွင့်ရဖို့အတွက် အရမ်းပဲ နီးစပ်နေပြီလို့ ကာဇီ ဆလာဟူဒင်က ပြောကြားထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဘောလုံးပရိသတ်တွေဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကာလတုန်းက အာဂျင်တီးနားကို အရူးအမူး အားပေးခဲ့ကြပြီး အာဂျင်တီးနားဘောလုံးအသင်း ကမ္ဘာ့ဖလားချန်ပီယံဖြစ်သွားချိန်မှာလည်း အဲ့ဒီသတင်းကိုဘင်္ဂလားဒေ့ရှ် သတင်းမီဒီယာတွေက ခေါင်းကြီးသတင်းတွေအဖြစ် တခမ်းတနားနဲ့ ရေးသားဖော်ပြခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ် ဟာဆီနာက အာဂျင်တီးနားဘောလုံးအသင်း ကမ္ဘာ့ဖလားချန်ပီယံဖြစ်တာကိုဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့ခဲ့ပြီး အဲ့ဒီနောက်ပိုင်းမှာ အာဂျင်တီးနားက ဘင်္ဂလားဒေ့ရှ်ကို G-20 ထိပ်သီးအစည်းအဝေးဆီ ဧည့်သည်နိုင်ငံအဖြစ် တက်ရောက်ဖို့ ဖိတ်ခေါ်တာတွေ၊ နှစ်နိုင်ငံအကြား အပြန်အလှန် သံရုံးဖွင့်ဖို့ဆွေးနွေးတာတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။

“အာဂျင်တီးနားနဲ့ ဘင်္ဂလားဒေ့ရှ်တို့ ခြေစမ်းပွဲကစားဖို့ ဆွေးနွေးနေတာက အပြီးသတ် နောက်ဆုံးအဆင့်ဆီကိုရောက်ရှိနေပါပြီ။ အခု ခြေစမ်းပွဲအတွက် အချက်အလက်တွေ၊ သဘောထားရေးရာတွေကို ဆွေးနွေးနေပါပြီ။ အာဂျင်တီးနားဘက်က လာမယ့်ဇွန်လ ဖီဖာချစ်ကြည်ရေးပွဲစဉ်သီတင်းပတ်မှာ လာကစားပေးလို့ ရမလားဆိုပြီး မေးထားပါတယ်။ အချက်အလက်တွေ၊ အကြောင်းအရာတွေ ဆွေးနွေးပြီးသွားလို့ ကျွန်တော်တို့ဘက်က လာနိုင်ပါတယ်လို့ ပြောလိုက်တာနဲ့ အာဂျင်တီးနားအသင်းဟာ ဘင်္ဂလားဒေ့ရှ်နဲ့ ခြေစမ်းပွဲကစားပေးဖို့ ရောက်လာတော့မှာပါ”လို့ ဘင်္ဂလားဒေ့ရှ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ကာဇီ ဆလာဟူဒင် က ပြောပြထားပါတယ်။

အာဂျင်တီးနားနဲ့ ဘင်္ဂလားဒေ့ရှ်တို့ရဲ့နိုင်ငံတကာ ချစ်ကြည်ရေးခြေစမ်းပွဲကို ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့အထင်ကရဖြစ်တဲ့ ဘန်ဂါဘန်ဒူး အမျိုးသားအားကစားကွင်းမှာ ကျင်းပသွားဖို့ရှိနေပြီး အဲ့ဒီဘောလုံးကွင်းကြီးကို လတ်တလောမှာပြင်ဆင်မှုတွေ ဆောင်ရွက်ဖို့အတွက် ဘင်္ဂလားဒေ့ရှ်ဘောလုံးအဖွဲ့ချုပ်ဘက်က စီစဉ်နေတယ်လို့ သိရှိရပါတယ်။