မြိတ်အဝေးပြေးကားဝင်းအတွင်း မြေဈေး ကျပ်သိန်းတစ်သောင်းကျော် ဈေးပေါက်

0
2727
ဓာတ်ပုံ- အဝေးပြေးကားဝင်းအသစ်ရှိ မြေယာကွက်များ။

မြိတ်မြို့ မြိတ်တောင်ကျေးရွာအုပ်စု အဝေးပြေးကားဝင်းအသစ် အတွင်းရှိ မြေယာဈေးနှုန်းသည် တစ်ကွက်လျှင် ကျပ်သိန်းသောင်းဂဏန်းကျော်အထိ ဈေးပေါက်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်းက ပေ ၁၀၀ ပတ်လည်ကျော်ရှိ မြေတစ်ကွက်လျှင် ကျပ်သိန်း‌ထောင်ဂဏန်းအထိ ရှိရာမှ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းခန့်တွင် ကျပ်သိန်း တစ်သောင်းကျော်အထိ ဈေးခေါ်ရောင်းချနေကြကြောင်း ယင်းကားဝင်းအနီးနေသူအချို့က ပြောပြသည်။

“မြေဈေးကြားတာနဲ့ လန့်တာ ဒီမြေတွေက လွန်ခဲ့တဲ့လေးနှစ်လောက်ကဆိုရင် ရာဂဏန်းပဲရှိ‌သေးတယ်။ မနှစ်(၂၀၂၁)ကကြားရတာ သုံးလေး‌ထောင်ကျော် ထောင်ဂဏန်းပေါ့။ အခုက တစ်ကွက်တစ်ကွက်ကို ကျပ်သိန်းတစ်သောင်းကျော်အထိ ဈေးခေါ်ပြီးရောင်းနေကြတာ။ စားသောက်ဆိုင်မျိုး ဖွင့်လို့ကောင်းတဲ့ နေရာဆိုတော့ ဈေးခေါ်ကြတာဖြစ်မယ်” ဟု အဝေးပြေးကားဝင်းအနီးနေ အသေးစားလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

အဆိုပါ အဝေးပြေးကားဝင်းအတွင်းတွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်းမှစပြီး စားသောက်ဆိုင်များ၊ တည်းခိုခန်း၊ ကားပြင်အလုပ်ရုံ၊ ကုမ္ပဏီရုံးခန်း၊ အကင်အရောင်းဆိုင်များဖြင့် တဖြည်းဖြည်းစည်ကားလာပြီးနောက် မြေဈေးနှုန်းတက်လာခြင်းဖြစ်ကြောင်း အဝေးပြေးဝင်းအနီး နေသူများက ပြောပြသည်။

“ပုံမှန် ပေ ၃၀၊ ပေ ၅၀ မြေတစ်ကွက်ကို သိန်းငါးထောင်လောက်ခေါ်နေတာ၊ ပေတစ်ရာပတ်လည်ဆို တစ်သောင်းကျော်ခေါ်ကြမှာပဲ” ဟု အဝေးပြေးဝင်းအနီး ရွှေပြည်တန်ရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ အဝေးပြေးဝင်းမှ ကျပ်သိန်းတစ်သောင်းကျော်တန် မြေကွက်နှင့် တစ်လမ်းတည်းရှိ ရွှေပြည်တန်မိန်းလမ်းမတွင် မြေအကျယ်နှင့် တိုက်ပါ၊မပါ အပေါ်မူတည်ပြီး နေအိမ်တစ်ဆောင်လျှင် ကျပ်သိန်းခြောက်ထောင်ကျော်အထိ ဈေးခေါ် ရောင်းချမှုများလည်း ရှိနေကြောင်း သိရသည်။

“မြေကွက်တွေက ဈေးတင်ပြီးခေါ်ရောင်းကြတာ များပါတယ်၊ အားလုံးအစစအရာရာ ဈေးတက်နေကြတာ မြေတွေလည်းဈေးတက်တာပေါ့၊ အချို့က သူတို့ ရောင်းချင်တဲ့ဈေးခေါ်ပြီး ဈေးကိုက်မှ ရောင်းတာတွေလည်းရှိတယ်” ဟု အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။

အဆိုပါ အဝေးပြေးကားဝင်းအသစ်အနီး အင်းလေးမြိုင်၊ ရာပြည့်၊ ရွှေပြည်တန်ရပ်ကွက်အတွင်းတို့ရှိ ပေ ၃၀၊ ပေ ၅၀ ရှိ နေအိမ်ပါ တစ်ကွက်လျှင် ကျပ်သိန်းရာဂဏန်းမျှသာ ပေါက်ဈေးရှိကြောင်း ယင်းရပ်ကွက်နေသူတို့ထံမှ သိရသည်။