ရေဖြူတွင် စစ်‌ကားမိုင်းဆွဲခံရ၊ အမျိုးသမီးတစ်ဦးသေဆုံး

0
3700
သေဆုံးသူ မပန်းအိဖြူ

ရေဖြူမြို့နယ် ညင်းထွေးရွာနှင့် ဇီးကျရွာကြား လမ်းပိုင်းတစ်နေရာတွင် ယနေ့ ဒီဇင်ဘာလ ၂၈ ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်ကားတန်း မိုင်းဆွဲခံရပြီးနောက် ပစ်ခတ်သံများ ဆက်တိုက်ကြားရကြောင်း ဒေသခံများက ပြောသည်။

ယင်းနောက် အဆိုပါနေရာတွင် ခရီးသွားအမျိုးသမီးတစ်ဦး ဦးခေါင်း ကြေမွဒဏ်ရာဖြင့် သေဆုံးနေကြောင်း ၎င်းတို့က ဆိုသည်။

နံနက် ၆ နာရီဝန်းကျင်တွင် ရေဖြူဖက်မှ ထားဝယ်သို့လာသော စစ်ကားခြောက်စီးခန့် ဇီးကျရွာအနီး မိုင်းဆွဲခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

“မိုင်းပေါက်တာ ငါးလုံးလောက်ရှိတယ်။ ပြီးတာနဲ့ သေနတ်သံတွေ ထွက်လာတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယင်းမိုင်းဆွဲခံရပြီး ပစ်ခတ်မှုဖြစ်သည့်နေရာတွင် အသက် ၂၀ကျော်အရွယ်ရှိ ဇီးကျရွာသူ မပန်းအိဖြူမှာ သေဆုံး‌ နေကြောင်း ၎င်းက ဆိုသည်။

မပန်းအိဖြူသည် ယနေ့ နံနက်စောစော ညင်းထွေးရွာသို့ ဆိုင်ကယ်ဖြင့် ငါးပိသွားပို့စဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

“သူစီးတဲ့ဆိုင်ကယ်က ကျိုးကြေသွားတယ်။ လူက ဦးခေါင်းထိပ်ပိုင်း ဘာမှမရှိတော့ဘူး။ နောက်မှ ခရီးသွားတွေက လူတစ်ယောက် သေနေတယ်ဆိုပြီးပြောလို့ သွားကြည့်မှ သူဖြစ်နေတယ်” ဟု ဒေသခံနောက်တစ်ဦးက ပြောသည်။

မပန်းအိဖြူမှာ မိုင်းထိခြင်းဖြစ်နိုင်သလို ပစ်ခတ်ခံရသဖြင့် သေဆုံးခြင်းလည်း ဖြစ်နိုင်သည့်အပြင် ကားဖြင့် တိုက်သွားခြင်းကြောင့်လည်း သေဆုံးသွားခြင်းဖြစ်နိုင်ကြောင်း ဒေသခံအချို့က ပြောဆိုကြသည်။

သို့သော် Dawei Watch အနေဖြင့်မူ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါမိုင်းဆွဲခံရမှုကြောင့် စစ်ကောင်စီတပ်ဘက်က ထိခိုက်မှု ရှိမရှိ အခြေအနေကိုလည်း မသိရသေးပေ။

အထက်ပါ မိုင်းဆွဲခံရသော ကားတန်းသည် မောင်မယ်ရှောင်‌ရွာအထွက် တံတားအနီးတွင်လည်း ထပ်မံ၍ မိုင်းဆွဲခံရသေးကြောင်း ဒေသခံများထံမှ သိရသည်။

သေဆုံးသူ မပန်းအိဖြူမှာ မိဘနှစ်ပါးမရှိကြတော့သည့်အတွက် ဆွေမျိုးတော်စပ်သူများက စောင့်ရှောက် ထားသူဖြစ်သည်ဟု သိရပြီး ၎င်း၏ ရုပ်အလောင်းကို ယနေ့ နံနက်ပိုင်းတွင်ပင် ညင်းထွေးရွာ၌ သင်္ဂြိုဟ်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။