၁၉၁ ခေါ်ဆိုမှုများပြားနေ၊ စမ်းသပ်မခေါ်ကြရန် မီးသတ်အဖွဲ့ထုတ်ပြန်

0
3500

မီးလောင်ပါက ဆက်သွယ်နိုင်သည့် အရေးပေါ်ဖုန်းနံပါတ် ၁၉၁ သို့ ဖုန်းခေါ်ဆိုသူ အရမ်းများပြားနေကြောင်း ထားဝယ်ခရိုင် မီးသတ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အရေးပေါ်မဟုတ်ဘဲ မဆက်ကြပါနဲ့လို့။ မီးလောင်တယ်ဆိုရင် ဒါမှမဟုတ် အခြားအရေးပေါ်ကိစ္စဆိုရင် ၂၄ နာရီ အချိန်မရွေးဆက်လို့ရပါတယ်။ စမ်းသပ်ပြီး ဆက်တာမျိုး မလုပ်ကြဖို့ပြောချင်ပါတယ်” ဟု ၎င်းကဆိုသည်။

မော်တော်ယာဉ်တွင် ၁၉၁ စတေကာမတပ်ပါက ဒဏ်ရိုက်ခံရမည်ဆိုသည့် ကောလာဟလသတင်းတစ်ခု ဒီဇင်ဘာလ ၂၇ ရက်က ပျံ့နှံ့လာခဲ့ပြီးနောက် တိုင်းမီးသတ်ဦးစီးဌာနတွင် စတေကာလာရောက်တပ်ဆင်သူ များပြားလာခဲ့သည်။

ယင်းနောက် ၁၉၁ အရေးပေါ်ဖုန်းနံပါတ်သို့ စမ်းသပ်ခေါ်ဆိုသူများရှိလာခဲ့ကြောင်း ခရိုင်မီးသတ်ဦးစီးမှူးကပြောသည်။

“မနေ့က (ဒီဇင်ဘာလ ၂၇ ရက်) ကတော့ ဖုန်းခေါ်ဆိုတာအရမ်းများတယ်။ ဒီနေ့‌( ဒီဇင်ဘာလ ၂၈ ရက်) မှာတော့ နည်းနည်းကျဲသွားပြီ” ဟု ၎င်းကဆိုသည်။

မီးလောင်မှုနှင့် အခြားအရေးကြီးကိစ္စဖြစ်ပွားလာပါက ဖုန်းခေါ်ဆိုရ အခက်အခဲဖြစ်လာနိုင်သဖြင့် ၁၉၁ အရေးပေါ်နံပါတ်သို့ စမ်းသပ်ခေါ်ဆိုခြင်း မပြုကြရန် တိုင်းမီးသတ်ဦးစီးဌာနက ယနေ့ထုတ်ပြန် မေတ္တာရပ်ခံလိုက်သည်။

ယင်းအပြင် ၁၉၁ စတေကာမတပ်ဆင်သည့် မော်တော်ယာဉ်များကို အရေးယူမည်မဟုတ်ကြောင်းနှင့် အရေးယူသည့်ဖြစ်စဉ်များရှိပါက တိုင်ကြားကြရန်လည်း တိုင်းမီးသတ်ဦးစီးဌာရုံးကနေပြီး အသံချဲ့စက်ဖြင့် အသိပေးလျက်ရှိသည်။

မော်တော်ယာဉ်များတွင် ၁၉၁ စတေကာတပ်ဆင်ပေးခြင်းမှာ အသိပညာပေး လုပ်ဆောင်ခြင်းသာ ဖြစ်ကြောင်းလည်းဆိုသည်။

မော်တော်ယာဉ်ပေါ်တွင် ၁၉၁ စတေကာမတပ်ပါက ဒဏ်ရိုက်ခံရမည်ဆိုသည့် ကောလာဟလသတင်းမှာ မြို့ပေါ်သာမကဘဲ ကျေးလက်ဒေသများအထိပျံ့နှံ့နေပြီး မြို့နယ်မီးသတ်ရုံးအချို့တွင် စတေကာလာကပ်သူများရှိလာနေသည်။