လောင်းလုံး ဝေဒီကျေးရွာတွင် ပွဲစားတစ်ဦးပစ်သတ်ခံရ

0
3291

လောင်းလုံးမြို့နယ် ဝေဒီကျေးရွာတွင် ဒီဇင်ဘာလ ၂၃ ရက်က အမျိုးသားတစ်ဦး ပစ်သတ်ခံရသဖြင့် သေဆုံးသွားကြောင်း ဒေသခံအချို့ကပြောသည်။

သေဆုံးသူမှာ အသက် ၄၀ ဝန်းကျင် ဦးနေလင်းထွန်း(ခ) နော်မှေးဆိုသူဖြစ်ပြီး မနက် ၁၀ နာရီကျော်အချိန်တွင် ပစ်သတ်ခံရခြင်းဖြစ်သည်။

“လောင်းလုံးကနေ အစည်းဝေးတက်ပြီးပြန်လာတဲ့အချိန်မှာပေါ့။ ရွာအဝင်ဝက ကုက္ကိုပင်အောက်မှာ ပစ်သတ်ခံရတာ” ဟု ဒေသခံတစ်ဦးကဆိုသည်။

၎င်းသည် ရွာထဲတွင် ဆိုင်ကယ်မောင်းလိုင်စင်၊ မှတ်ပုံတင်၊ အုပ်ချုပ်ရေးမှူးထောက်ခံစာ စသည်တို့ကို အခကြေးငွေဖြင့် လုပ်ပေးနေသည့် ပွဲစားတစ်ဦးဖြစ်ပြီး Mytel ဖုန်းဆင်းကတ်ရောင်းချခြင်းတို့ကို လုပ်ကိုင်နေသူတစ်ဦးဖြစ်ကြောင်း ဒေသခံအချို့ကဆိုသည်။

သေဆုံးသူသည် ပျူစောထီးအဖွဲ့ဝင်တစ်ဦးဖြစ်သောကြောင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့က လာရောက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံအချို့ကပြောဆိုသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။

“သူများတွေကတော့ ပျူစောထီးအဖွဲ့ဝင်လို့ပြောနေကြတယ်။ သူ့အကြောင်း သေချာတော့မသိဘူး။ ဌာနဆိုင်ရာတွေနဲ့ ဆက်ဆံရေးရှိတယ်။ ရုံးတွေကို ဝင်ထွက်သွားလာနေတာ လောက်ပဲသိရတယ်” ဟု အခြားဒေသခံတစ်ဦးကဆိုသည်။

ဝေဒီကျေးရွာအနီးနှင့် နှစ်ရွာကျော်တွင်ရှိသည့် ညင်းမော်ကျေးရွာတွင်မူ စစ်ကောင်စီတပ်က ဝင်ရောက်စစ်ဆေး ဖမ်းဆီးမှုများပြုလုပ်နေသဖြင့် ပစ်ခတ်ခံရသူ၊ ဖမ်းဆီးခံရသူများရှိနေသည့်အပြင် အချို့မှာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။