ညင်းမော်ရွာတွင် ဆယ်ဦးထက်မနည်း အဖမ်းခံထားရ

0
3149

လောင်းလုံးမြို့နယ် ညင်းမော်ကျေးရွာတွင် ဒေသခံ ဆယ်ဦးထက်မနည်း ဖမ်းဆီးခံထားရကြောင်း စုံစမ်းသိရှိရသည်။

ယနေ့(ဒီဇင်ဘာ ၂၃) မနက် ၅ နာရီခန့်က လောင်းလုံးမြို့နှင့် ညင်းမော်အကြား ပိုးစာပင်ဟုခေါ်သည့်နေရာတွင် စစ်ကောင်စီကား မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်က ညင်းမော်ရွာနှင့် အနီးရှိတောတောင်များအတွင်း ရှာဖွေမှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။

ယင်းသို့ရှာဖွေနေစဉ် လမ်းသွားလမ်းလာများကို စစ်ဆေးပြီး မသင်္ကာသူများကို ဖမ်းဆီးထားခြင်းဖြစ်ကြောင်း ဒေသခံအချို့ကဆိုသည်။

“လူငယ်ပိုင်းကတစ်ယောက် ပန်းရန်အလုပ်သမားက နှစ်ယောက် အဲ့သုံးယောက်ပဲမြင်ရတယ်။ ဆိုင်ကယ်ကတော့ ဆယ်စီးလောက်တွေ့တယ်။ လမ်းမှာသွားနေတာကို တားပြီးစစ်ပြီး ဖမ်းထားတာ” ဟု ဒေသခံတစ်ဦးကဆိုသည်။

ကျေးရွာအတွင်းရှိ အမျိုးသားများမှာ အကြောင်းမဲ့ ဖမ်းဆီးစစ်ဆေးခံရမည်ကို စိုးရိမ်သဖြင့် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများကဆိုသည်။

ယနေ့မနက်ပိုင်းကလည်း နွားကျောင်းနေသည့် ညင်းမော်ရွာက လူငယ်တစ်ဦး ပစ်ခတ်ခံရသဖြင့် ဆေးရုံတင်ထားရသည်။

ညင်းမော်ရွာတွင် ယနေ့ ညနေ ၃ နာရီကျော်အချိန်အထိ စစ်ကောင်စီတပ်များ လိုက်လံစစ်ဆေးနေဆဲဖြစ်ကြောင်း ဒေသခံအချို့ကဆိုသည်။