တနင်္သာရီတပ်ကပစ်သည့် လက်နက်ကြီးကြောင့် အသက် ၁၇ နှစ်အရွယ် အမျိုးသမီးသေဆုံး

0
2839

တနင်္သာရီမြို့ ဗောဓိကမ်းရွာရှိ စစ်ကောင်စီတပ်မှ ဒီဇင်ဘာ ၂၁ ရက်နေ့က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ဒဏ်ရာရရှိခဲ့သည့် အသက် ၁၇ နှစ်အရွယ် အမျိုးသမီးမှာ သေဆုံးသွားပြီဖြစ်ကြောင်း သိရသည်။

ယင်းသို့လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ညောင်ပင်ကွင်းရွာနှင့် ဘန်လောကျေးရွာတို့မှ အရပ်သား အနည်းဆုံးခြောက်ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများ ထံမှသိရသည်။

အဆိုပါ ထိခိုက်ဒဏ်ရာရသူများအနက် ညောင်ပင်ကွင်းရွာမှ ဒဏ်ရာရ မိသားစုဝင် သုံးဦးတို့အား မြိတ်မြို့ရှိ စစ်ဆေးရုံသို့ တင်ပို့ခဲ့ကြောင်း တနင်္သာရီမြို့အခြေစိုက် နာရေးကူညီမှုအသင်းများထံမှ သိရသည်။

ဒဏ်ရာရသူများအနက် ဦးခေါင်းပြင်းထန်ဒဏ်ရာရရှိခဲ့သည့် အသက် ၁၇ အရွယ် အမျိုးသမီးမှာ ဒီဇင်ဘာလ ၂၂ ရက်နေ့က မြိတ်မှ ရန်ကုန်ဆေးရုံသို့တင်ပို့ရာ ပလောက်မြို့အရောက်တွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။

“ဆုံးသွားတဲ့မိန်းကလေးရဲ့ အဖေနဲ့ညီမနှစ်ယောက်က သိပ်ပြီးစိုးရိမ်စရာမရှိပါဘူး” ဟု နီးစပ်သူတစ်ဦးက ပြောသည်။

အဆိုပါညောင်ပင်ကွင်းရွာတွင် တိုက်ပွဲများ မကြာမကြာဖြစ်ပေါ်လေ့ရှိပြီး အောက်တိုဘာလအတွင်းက စစ်ကောင်စီ၏လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် ကျေးရွာနေသူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသေးသည်။