လောင်းလုံးတွင် စစ်ရေးတင်းမာ၊ စစ်ကောင်စီတပ်ကား မိုင်းခွဲခံရ

0
3158

စစ်ရေးတင်းမာနေသည့် လောင်းလုံးတွင် မြို့အထွက်လမ်းပိုင်းတစ်နေရာ၌ စစ်ကောင်စီတပ်ကားနှစ်စီး မိုင်းခွဲတိုက်ခိုက်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ယနေ့(ဒီဇင်ဘာ ၂၃)နံနက် ငါးနာရီခန့်က စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့် Vigo ကားနှစ်စီးဖြတ်သန်းချိန်တွင် လောင်းလုံးမြို့နှင့် ညင်းမော်ရွာကြား၌ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

လောင်းလုံး- ညင်းမော်သွားလမ်း မိုးလေဝသရုံးအနီးတွင် မိုင်းပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

“လူထိခိုက်တာမျိုးတော့ မရှိဘူးလို့ သိရတယ်”ဟု ၎င်းက ပြောသည်။

ထိုသို့ ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထပ်ရောက်လာပြီး အခင်းဖြစ်နေရာမှ ညင်းမော်ရွာအထိ လမ်းတစ်လျှောက်တွင် နေရာယူထားကြောင်း ဒေသခံအချို့က ဆိုသည်။

ယင်းအပြင် ညင်းမော်ရွာရှိ နေအိမ်အများစုကို တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်လံစစ်ဆေးနေကြောင်း ၎င်းတို့က ပြောသည်။

နံနက် ၉ နာရီခွဲခန့်တွင်မူ စစ်ကောင်စီတပ်က အင်အားထပ်ဖြည့်ပြီး ညင်းမော်ရွာ အနောက်ဘက်ရှိ ဆီအုန်းတောအတွင်း ‌နေရာယူထားသည်ဟု ဆိုသည်။

“ဆီအုန်းတောထဲ အင်အားထပ်ဖြည့်ပြီး နေရာယူထားတယ် ။တောနင်းမယ့်သဘောထင်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

လောင်းလုံးမြို့နယ်တစ်ကြောတွင် စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်လာချိန်တွင် ယင်းကဲ့သို့ မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်သည်။

ဒီဇင်ဘာလ ၂၂ ရက် နံနက်ကလည်း စစ်ကောင်စီတပ်က လောင်းလုံးမြို့နယ်၊ တောင်မိုးတောင် တောင်ကြောကို စစ်ကြောင်းထိုးကာ တောနင်းရှာဖွေခဲ့သည်။

စစ်ကောင်စီတပ်က တောင်ကြော၏ အရှေ့ဘက်မှ စစ်ကြောင်းထိုးပြီး ပျူစောထီးများက တောင်၏ အနောက်ဘက်မှ စစ်ကြောင်းထိုး ရှာဖွေခဲ့ခြင်းဖြစ်သည်။

အဆိုပါ တောင်ကြောတွင် ပြည်သူ့ကာကွယ်ရေးတပ်၏ စခန်းရှိနိုင်သည်ဟု ယူဆပြီး စစ်ကြောင်းထိုးခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက ထင်မြင်နေကြသည်။

သို့ရာတွင် စစ်ကြောင်းထိုးပြီး ပစ်ခတ်သံများ မကြားရကြောင်း ဒေသခံများက ဆိုသည်။

တောင်မိုးတောင် တောင်ကြောတစ်လျှောက် စစ်ကြောင်းထိုးပြီးနောက် ညပိုင်းတွင် လောင်းလုံးမြို့ပေါ်ရပ်ကွက်များတွင် ဖမ်းဆီးမှုများရှိလာသည်။

ယင်းညတွင် လောင်းလုံးမြို့နေ အမျိုးသမီးလေးဦးနှင့် အမျိုးသားနှစ်ဦးကို ဖမ်းဆီးခံထားရကြောင်း ဒေသခံအချို့ထံမှ သိရသည်။

သို့ရာတွင် မည်သည့်အကြောင်းကြောင်းဖမ်းဆီးသွားသည်ကိုမူ မသိရသေးပေ။

လက်ရှိ လောင်းလုံးမြို့နယ်အတွင်း ဖြစ်ပွားနေသည့် အခြေအနေများနှင့် ပတ်သက်ပြီး ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်ခရိုင်)ကလည်း သတိပေးချက်ထုတ်ပြန်ထားသည်။

ဒီဇင်ဘာလ ၂၂ ရက်ညက လောင်းလုံးမြို့ပေါ် ဖမ်းဆီးမှုများအပြင် ထားဝယ်-ရှင်မော်သွားလမ်းတွင်လည်း စစ်ကောင်စီတပ်က သေနတ်ပစ်ဖောက်မှုများရှိပြီး အစစ်ဆေးတင်းကျပ်နေကြောင်း  သတိပေးထားသည်။

ထိုကြောင့် ပြည်သူများအနေဖြင့် မလိုအပ်ဘဲ အပြင်မသွားရန်နှင့် မဖြစ်မနေသွားလာရမည်ဆိုပါကလည်း သတိထားသွားလာကြရန် သတိပေးတိုက်တွန်းထားသည်။