ကော့သောင်းမြို့ ကမ်းနားလမ်းက စစ်ကောင်စီဆန့်ကျင်ရေး စာသားများ နာရီပိုင်းအတွင်းလာဖျက်

0
3222

ကော့သောင်းမြို၊ ကမ်းနားလမ်းတွင် စစ်ကောင်စီကိုဆန့်ကျင် ဆန္ဒထုတ်ဖော်သည့် ဆေးမှုတ်စာသားများကို နာရီပိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ဖျက်ပစ်ခဲ့ကြောင်း မြို့ခံအချို့ကပြောသည်။

ဒီဇင်ဘာလ ၂၀ ရက်  နံနက်စောစော ၅ နာရီခန့်က ကမ်းနားလမ်းအုတ်နံရံတွင် အနီရောင်မှုတ်ဆေးဖြင့် “အဘဘောမများ ဒလန်များ ထမင်းဝအောင်စားထား၊ ငါတို့လက်နဲ့ ငါတို့တော်လှန်၊ သွေးကြွေးဆပ်မယ်” စသည့်စာသားများအပြင် စစ်ကောင်စီတပ်ကို ဆဲဆိုထားသည့်စာများ လာရောက်ရေးထားခြင်းဖြစ်ကြောင်း မြို့ခံအချို့ကဆိုသည်။

ယင်းနောက်စစ်ကောင်စီတပ်ဖွဲ့၊ ရဲ၊ ကျေးရွာအုပ်ချုပ်ရေးမှုးတို့ပါဝင်သည့်အဖွဲ့က နံနက် ၇ နာရီခန့်တွင်ရောက်လာပြီး အဆိုပါစာများကို ဖျက်ပစ်လိုက်ကြောင်း သိရသည်။

ဆေးမှုတ်ဆန္ဒဖော်ထုတ်သည့်နေရာ အနီးရှိ ကမ်းနားလမ်းပေါ်တွင် တပ်ထားသော CCTV များ၊ မလှမ်းမကမ်းရှိ ပုဂ္ဂလိကဆေးရုံတစ်ခုမှ CCTV များကိုလည်း စစ်ဆေးကြည်ရှုသွားကြောင်း မြို့ခံအချို့ကဆိုသည်။

“CCTV  က ပင်လယ်ဘက်ကနေပြီး ကုန်းပေါ်ကိုလှည့်ထားတော့ ဘယ်သူတွေလာရေးထားတယ်ဆိုတာ ကြည့်ရင်သိနိုင်တယ်” ဟု ၎င်းကဆိုသည်။

ဆေးမှုတ်ဆန္ဒဖော်ထုတ်မှုအား မည်သူတို့က လုပ်‌ဆောင်သည်ဆိုခြင်းကိုမူ ထုတ်ပြန်ခြင်း မရှိသေးပေ။

ကော့သောင်းမြို့သည် အာဏာသိမ်းကာစက ဆန္ဒပြပွဲများဖြစ်ပွားခဲ့ပြီး ဆန္ဒပြပွဲတွင် ပါဝင်သူများလည်း ပစ်ခတ်ခံရသဖြင့် သေဆုံးသူ၊ ဒဏ်ရာရသူတို့ရှိခဲ့သည်။

နောက်ပိုင်းနှစ်ကြာလာသောအခါ ပေါက်ကွဲမှုများ၊ ရဲစခန်းပစ်ခတ်ခံရမှု၊ ယာဉ်ထိန်းရဲပစ်သတ်ခံရမှုတို့ ဖြစ်ပွားခဲ့သော်လည်း တနင်္သာရီတိုင်းရှိ အခြားမြို့များနှင့်ယှဉ်လျှင် ပုံမှန်နေအထားသို့ ရောက်ရှိလာနေသည့် မြို့တစ်မြို့ဖြစ်သည်။