လောင်းလုံးတွင် လေးရက်အတွင်း ပျူစောထီးဟုဆိုသူသုံးဦး ပစ်သတ်ခံရ

0
3045

လောင်းလုံးမြို့နယ်တွင် ဒီဇင်ဘာလ ၁၆ ရက်မှ ၁၉ ရက်နေ့အထိ အသတ်ခံရသူ သုံးဦးအထိရှိလာကြောင်း ဒေသခံများထံမှ သိရသည်။

ပျူစောထီးအဖွဲ့ဝင် အချင်းချင်းပစ်ခတ်မှုဖြစ်ကာ တစ်ဦးသေဆုံးပြီး လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ပစ်ခတ်မှုကြောင့် ပျူစောထီးအဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာတွင် ဒီဇင်ဘာလ ၁၉ ရက်နေ့ညက ပျူစောထီးခေါင်းဆောင်ဟုဆိုသူ ဦးချစ်စန်းမောင်၏ အဖွဲ့ဝင်များ အချင်းချင်းပစ်ခတ်မှုဖြစ်ကာ တစ်ဦးသေဆုံးကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ညကဖြစ်တာပေါ့နော်။ သူတို့အချင်းချင်းသောက်စားပြီး ရန်ဖြစ်ကြတယ်ထင်တယ်။ မနက်ကျတော့ အလောင်းကို သင်္ဂြိုဟ်ဖို့လုပ်နေကြတယ်” ဟု ၎င်းက ဆိုသည်။

သေဆုံးသူ မည်သူမည်ဝါဖြစ်ကြောင်းကိုမူ မသိရသေးပေ။

“ရွာခံမဟုတ်ဘူး။ ဒီမှာလာနေတာ။ ဘယ်ရွာက ဘယ်သူလဲဆိုတာလည်း မသိရသေးဘူး” ဟု ဒေသခံနောက်တစ်ဦးက ပြောသည်။

ထို့အပြင် ဒီဇင်ဘာလ ၁၆ နှင့် ၁၇ ရက် နှစ်ရက်အတွင်း ပျူစောထီးအဖွဲ့ဝင်ဟု ဆိုသည့်သည် အမျိုးသားနှစ်ဦးကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပစ်သတ်ခဲ့ကြောင်း ယင်းအဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

ကိုမင်းမင်းဆိုသူနှင့် သကျက်တောရွာသား ပေါင်မုန့်‌ (ခေါ်) ကိုလောင်းလောင်းဆိုသူတို့ ဖြစ်ကြောင်း ယင်းအဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။ လောင်းလုံးမြို့၏ လမ်းပိုင်းတစ်နေရာတွင် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ကိုမင်းမင်းဆိုသူမှာ လက်နက်ကိုင်ဆောင်၍ မူးယစ်ဆေး ရောင်းဝယ် နေသူဖြစ်ပြီး ပေါင်မုန့် (ခေါ်) ကိုလောင်းလောင်း ဆိုသူမှာ လောင်းလုံးမြို့နယ်အတွင်း ဓါးပြတိုက်မှုများတွင် ပါဝင်သူဖြစ်ကြောင်း ခိုင်လုံသည့် သတင်းရရှိထား၍ ရှင်းလင်ရခြင်းဖြစ်သည်ဟု ယင်းအဖွဲ့၏ ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။