ရေဖြူ ပုဂေါဇွန်းရွာသားတစ်ဦး ပစ်သတ်ခံရ

0
4094

ရေဖြူမြို့နယ်၊ ပုဂေါဇွန်းရွာသားတစ်ဦး ယနေ့ ဒီဇင်ဘာလ ၁၂ ရက် နံနက် ၈နာရီဝန်းကျင်က နေအိမ်တွင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

အသက် ၄၀ ဝန်းကျင်အရွယ် ‌ဦးနေလင်းဦး (ခေါ်) နွန်မှတ်ဆိုသူကို အမည်မသိ သေနတ်သမားလေးဦးက ဆိုင်ကယ်ဖြင့် နေအိမ်သို့ လာရောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“အောက်ဆင်းခဲ့လို့ခေါ်ပြီး ပစ်သွားတယ်။ သေနတ်သံက သုံးချက်လောက်ပဲ။ ဦးခေါင်းမှာ နှစ်ချက်ရယ်၊ ဗိုက်မှာတစ်ချက်ရယ်” ဟု ၎င်းက ပြောသည်။

ဦးနေလင်းဦးမှာ ရွေးကောက်ပွဲအကြိုကာလများတွင် ကြံ့ခိုင်ရေးပါတီအား ထောက်ခံဝန်းရံသူအဖြစ် ပါဝင်လေ့ရှိသည်ကို တွေ့ရကြောင်း ဒေသခံအချို့က ပြောဆိုကြသည်။

သို့သော် ၎င်းကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်သွားသည်ကို Dawei Watch အနေဖြင့် အတည်မပြုနိုင်သေးပေ။

ဦးနေလင်းဦးမှာ ရေဖြူမြို့နယ် ကင်းရွာသားဖြစ်၍ ပုဂေါဇွန်းရွာသူနှင့် အိမ်ထောင်ကျကာ ပုဂေါဇွန်းရွာတွင် နေထိုင်နေသူဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

၎င်းတွင် ဇနီးနှင့် အသက်၁၄ နှစ်အရွယ် သားတစ်ဦး၊ ၅ နှစ်အရွယ် သမီးတစ်ဦးကျန်ရစ်ခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။

ဦးနေလင်းဦး၏ ရုပ်အလောင်းကို ယနေ့တွင်ပင် သင်္ဂြိုဟ်ရန် စီစဉ်နေကြကြောင်း ဒေသခံများထံမှ သိရသည်။