ပုလောမြို့ရှိ မြန်မာ့စီးပွားရေးဘဏ် သေနတ်ဖြင့်ပစ်ခတ်ခံရဟုဆို

0
4719


မြိတ်ခရိုင်၊ပုလောမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ကို သေနတ်ဖြင့်လာရောက် ပစ်ခတ်သွားကြောင်း ပုလောမြို့ခံများ ထံမှသိရသည်။

ယနေ့ညနေ ၄ နာရီဝန်းကျင်ခန့်က မြန်မာ့စီးပွားရေးဘဏ်အား သေနတ်သမားများမှ ဆိုင်ကယ်လေးစီးဖြင့် လာရောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံများ ကပြောသည်။

သေနတ်ဖြင့် ပစ်ခတ်သည့် အဖွဲ့တွင် လူ ၈ ဦးပါရှိပြီး ပြည်သူ့ကာကွယ်ရေးတပ် ဝတ်စုံများဝတ်ဆင်ထားသည်ကို တွေ့ရကြောင်း၊ သေနတ်ဖြင့် ပစ်ခတ်ခံရချိန်တွင် အဆိုပါဘဏ်အတွင်း စစ်ကောင်စီတပ်သား သုံးဦးလုံခြုံရေးယူထားသည်ကို တွေ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းဘဏ်မှာ ရွေးကောက်ပွဲကော်မရှင်ရုံး အနီးတွင်တည်ရှိပြီး အဆိုပါကော်မရှင်ရုံးလည်း သေနတ်ဖြင့်ပစ်ခတ်ခံရသေးကြောင်း ၎င်းတို့ကဆိုသည်။

“အထိအခိုက်တော့ ရှိတယ်လို့ကြားတယ်။ ဘယ်နှစ်ယောက်ထိလည်း အတိအကျတော့ မသိရသေးဘူး”ဟု ပုလောမြို့ဒေသခံကပြောသည်။

ဘဏ်ကိုသေနတ်ဖြင့် ဝင်ပစ်သွားသည်ဟု ကြားရသော်လည်း အသေးစိတ်ကို မသိရသေးဟု ပုလောမြို့အနီး ကဒဲကျေးရွာနေ ဒေသခံနောက်တစ်ဦးကလည်း အတည်ပြုပြောဆိုသည်။

ဘဏ်ပစ်ခတ်ခံရပြီးနောက် သေနတ်သံအများအပြား ထပ်မံကြားခဲ့ရပြီး ပုလောမြို့အနီး မှော်ကြောင်းကျေးရွာဖက်သို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများကပြောသည်။

ဘဏ်ပစ်ခတ်ခံရမှုနှင့် ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ရန် Dawei Watch မှ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

အသေးစိတ် အချက်အလက်များကို ဆက်လက်ဖော်ပြသွားပါမည်။