ထားဝယ်မြို့နယ် သင်္ကန်းတုံးရွာမှ စစ်ဘေးရှောင် ရွာသားတစ်ဦး အသတ်ခံရ

0
7331

ထားဝယ်မြို့နယ်၊ သင်္ကန်းတုံးကျေးရွာမှ စစ်ဘေးရှောင် ရွာသားတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ထားသည်ကို ယနေ့(ဒီဇင်ဘာ ၇)နံနက်က တွေ့ရကြောင်း ဒေသခံရွာသားများက ဆိုသည်။

အသက် ၅၇ နှစ်ခန့်အရွယ် ဦးသန်းဝင်းမှာ အခြားရွာသားများနှင့်အတူ စစ်ဘေးရှောင်နေသူဖြစ်ပြီး စစ်ကောင်စီတပ် ပြန်ထွက်သွားပြီထင်ကာ ရွာအခြေအနေ ပြန်ကြည့်ရန် ဒီဇင်ဘာလ ၆ ရက်နေ့နံနက် အစောပိုင်းတွင် အိမ်ပြန်သွားခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

သေနတ်သံများကြားကြားချင်း ရွာကိုပြန်ပြီးသွားမကြည့်ရဲကြသဖြင့် ဒီဇင်ဘာ ၇ ရက်နေ့ နံနက်မှ ဦးသန်းဝင်း၏ ဇနီးဖြစ်သူနှင့်အတူ ရွာသူရွာသားများက သွားကြည့်ရာ  နေအိမ်အပေါ်တွင် သေနတ်ဒဏ်ရာများနှင့် သေဆုံးနေသည်ကိုတွေ့ရခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

“အိမ်မှာပဲ ဘုရားစင်ခန်းထဲမှာ ပစ်ခံထားရတာလည်း ခေါင်းတစ်လုံးလုံး ရစရာကိုမရှိဘူး။ ဦးနှောက်ဆီတွေဘာတွေ ဘာမှမရှိတော့ဘူး။ ဂလိုင်ကြီးဖြစ်ပြီး မျက်စိတွေဘာတွေလည်း မရှိတော့ဘူး။ ခေါင်းတစ်လုံးလုံး ကြေနေတယ်၊ ခြေထောက်တွေလည်း ကျိုးကြေနေတယ်၊ ရုပ်ပျက်ဆင်းပျက်ပဲ” ဟု မျက်မြင်တွေ့ခဲ့သည့် အမျိုးသမီးက ဆိုသည်။

ယခင်ကလည်း စစ်ကြောင်းဝင်လာချိန်တွင် ရွာသူရွာသားများမှာ နေရပ်စွန့်ခွာ ထွက်ပြေးကြရပြီး စစ်ကြောင်းပြန်သွားပါက အိမ်ပြန်နေကြကြောင်း ဒေသခံများကဆိုသည်။

ဦးသန်းဝင်း၏ နေအိမ်ပေါ်တွင် ကျည်ဆန်အခွံ ၂၀ ကျော်ကိုတွေ့ရကြောင်း ဒေသခံအချို့က ပြောသည်။

ဦးသန်းဝင်းမှာ သင်္ကန်းတုံးရွာတွင် ဥယျာဉ်ခြံနှင့် ခဲကျင်သည့်လုပ်ငန်းကို လုပ်ကိုင်သူဖြစ်သည်။