ဖောင်းတောရေအားလျှပ်စစ် အဆင့်မြှင့်တင်ရန် စာချုပ်ချုပ်ဆို

0
3244

ဖောင်းတောရေအားလျှပ်စစ်လုပ်ငန်းကို အဆင့်မြှင့်တင်မည့် စီမံကိန်းအတွက် ကုမ္ပဏီနှင့် စစ်ကောင်စီတို့ စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း ဒီဇင်ဘာလ ၂ ရက်က သတင်းထုတ်ပြန်သည်။

တည်ဆောက်၊ လုပ်ကိုင်၊ လွှဲပြောင်း(BOT) စနစ်ဖြင့် စာချုပ်ဆိုခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဖောင်းတောရေအားလျှပ်စစ်စက်ရုံမှာ ထားဝယ်မြို့နယ် အရှေ့တောဒေသ ဖောင်တောကျေးရွာတွင် တည်ရှိပြီး ဟိန္ဒားသတ္တုတွင်းလုပ်ငန်းအတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားကို ထုတ်ပေးနေခြင်းဖြစ်သည်။

သတ္တုတွင်းအနီးဝန်းကျင် ကျေးရွာသို့လည်း ဓာတ်အားဖြန့်ဖြူး‌ပေးနေသည်။

လက်ရှိတွင် ဟိန္ဒားသတ္တုတွင်းမှာ ရပ်နားထားပြီး အဆိုပါရေအားလျှပ်စစ်မှာလည်း ရပ်နားလျက်ရှိသည်။

ရပ်နားထားရသည့် ရေအားလျှပ်စစ်ကို အဆင်မြှင့်တင်ရန်အတွက် ပန်းသိင်္ဂီစွမ်းအင်ကုမ္ပဏီနှင့် စစ်ကောင်စီတို့ BOT စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

ဖောင်းတောရေအားလျှပ်စစ်အား လပေါင်း ၂၀ အတွင်း တည်ဆောက်ပြီးစီးရန် ရည်မှန်းထားပြီး စက်တင်ဘာလအတွင်း ဒေသခံများကိုမေးမြန်းမှုအရ ကုမ္ပဏီဝန်ထမ်းများ နေထိုင်မည့် အိမ်ရာဆောက်လုပ်ရန် မြေနေရာရှင်းလင်းခြင်း လုပ်ငန်းစတင်နေပြီဟု သိရသည်။

ပန်းသိင်္ဂီစွမ်းအင်ကုမ္ပဏီအနေဖြင့် နှစ်မည်မျှအကြာ လုပ်ကိုင်ခွင့်ရပြီး မည်သည့်အချိန်တွင် လွှဲပြောင်းမည်ကို သိရှိရန် စစ်ကောင်စီခန့် တနင်္သာရီတိုင်း ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးတစ်ဦးကို ဖုန်းဆက်သွယ်မေးမြန်းခဲ့သည်။

သို့သော် မည်သည့်အတည်ပြုချက်မှ မရှိသေးကြောင်းနှင့် စာချုပ်မှာ မူကြမ်းအဆင့်တွင်သာရှိသေးပြီး နေပြည်တော်သို့ ပို့ထားဆဲဖြစ်ကြောင်းသာ ပြန်လည်ဖြေကြားခဲ့သည်။

“စာချုပ်သက်တမ်းတွေကို မူကြမ်းတွေရေးဆွဲပြီး နေပြည်တော်တင်ပြထားတုန်းပဲ ရှိသေးတယ်။ ဘာမှအတည်ပြုချက်မရှိသေးဘူး။ အတည်ပြုချက်ရရရင်တော့ ထုတ်ပြန်ပေးပါလိမ့်မယ်” ဟု ၎င်းက ဒီဇင်ဘာလ ၆ ရက်က ပြောဆိုသည်။

ပုံမှန်အားဖြင့်မူ စာချုပ်လက်မှတ်ရေးထိုးသည့်အဆင့်တွင် ကုမ္ပဏီအနေဖြင့် မည်မျှလုပ်ကိုင်ခွင့်ရမည်၊ မည်သည့်အချိန်လွှဲပြောင်းမည် စသည့် အသေးစိတ်အခြေအနေများကို ထည့်သွင်းချုပ်ဆိုရမည်ဖြစ်သည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ ကျော်ကတည်းက လည်ပတ်ခဲ့သည့် ဖောင်းတော ရေအားလျှပ်စစ်စက်ရုံကို ၇  ဒဿမ ၅ မဂ္ဂါဝပ်မှ ၂၀ မဂ္ဂါဝပ်အထိ လျှပ်စစ်ထုတ်နိုင်ရန် အဆင့်မြှင့်တင်မည်ဖြစ်သည်။

ဖောင်းတော‌ရေအားလျှပ်စစ်မှာ ဓာတ်အားထွက်ရှိပါက ထားဝယ်ခရိုင်းအတွင်း လျှပ်စစ်မီးတစ်ယူနစ် ၂၀၀ ကျော်ဖြင့် ဖြန့်ဖြူးနိုင်မည်ဟု ဆိုသည်။