ထားဝယ်တွင် ရိတ်သိမ်းပြီးစပါးများ အခိုးခံရမှုများလာ

0
3417

ထားဝယ်ခရိုင်ရှိ၊ ကျေးရွာအချို့တွင် ရိတ်သိမ်းထားပြီးသော စပါးများ လယ်ထဲထားရှိစဉ် အခိုးခံရမှုများ ဆက်တိုက်ဖြစ်ပေါ်နေကြောင်း လယ်သမားအချို့ကပြောသည်။

ရိတ်သိမ်းပြီး လယ်ထဲစုပုံထားသည့် စပါးများကို ညအချိန်တွင် အခိုးခံရလေ့ရှိကြောင်း ၎င်းတို့ကဆိုသည်။

“ညဘက်ကျတော့ ဦးတို့လည်း ညအိပ်မစောင့်ရဲဘူးလေ။ မနက်သွား၊ ညပြန်ဆိုတော့ ညဘက်တစ်ညလုံး စိတ်ကြိုက်ခိုးလို့ရနေတာပေါ့” ဟု လောင်းလုံးမြို့နယ်မှ လယ်သမား ဦးမင်းဟန်ကပြောသည်။

သုံးရက်ဆက်တိုက် အခိုးခံရသဖြင့် စပါး လေးငါးတင်းပါသွားကြောင်း ၎င်းကပြောဆိုသည်။

ထားဝယ်မြို့နယ်မှ အခြားလယ်သမားများလည်း ယင်းသို့ကြုံတွေ့နေကြောင်း ပြောဆိုသည်။

“(ညဘက်) လယ်ထဲမှာ လူမရှိတော့ စိတ်ကြိုက်ခိုးသယ်လို့‌ရတယ်။ ထော်လာဂျီနဲ့ ဆင်းသယ်တာတောင် သိမှာမဟုတ်ဘူး။ အခုကတော်သေးတာပေါ့ တစ်တင်းစ နှစ်တင်းစလောက်ပဲ သယ်ကြလို့လေ” ဟု ထားဝယ်မြို့အနီးက ကျေးရွာတစ်ရွာမှ လယ်သမားတစ်ဦးကဆိုသည်။

အခါလွန်မိုးကြောင့် လယ်ထဲကစပါးများကို မသယ်နိုင်သေးဘဲ  နေ့ဘက်နေလှမ်း၊ ညဘက်လယ်ထဲ စုပုံထားချိန် ပိုင်ရှင်များမှာ ညအိပ်မစောင့်ရဲသဖြင့် အိမ်ပြန်သွားကြခြင်း ဖြစ်သည်။

ယင်းအချိန်ကို အခွင့်ကောင်းယူကာ စပါးခိုးယူကြခြင်းဖြစ်ပြီး တစ်ကြိမ်တွင် တစ်တင်း၊ နှစ်တင်းခန့်သာ အခိုးခံရလေ့ရှိသည်ဟုဆိုသည်။

“စပါးတစ်တင်းက တစ်‌သောင်းကျော်ဆိုတော့ တစ်နေ့ကို တစ်တင်း(ခိုးလို့) ရတာနဲ့တင် နေ့တွက်ကိုက်သွားပြီလေ။ ဒီတော့ ဘာလုပ်စားတော့မလဲ လွယ်နေတာပဲဟာကို ခိုးစားကြတာပေါ့” ဟု သရက်ချောင်းမြို့နယ် ကဇိကျေးရွာမှ ဒေသခံလယ်သမား တစ်ဦးက ဆိုသည်။

လယ်သမားများနည်းတူ ရော်ဘာ၊ ကွမ်းသီး စသည့် ဥယျာဉ်ခြံ အလုပ်သမားများမှာလည်း မကြာခဏ ခြံထွက်ပစ္စည်းများ အခိုးခံရလေ့ရှိသည်။

ခိုးယူသူများကို လက်ပူးလက်ကြပ်ဖမ်းမိပါကလည်း အရေးယူဖို့နေနေသာသာ သူခိုးကခြိမ်းခြောက်သည်ကိုပင် ခံရလေ့ရှိကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် တောင်သူအမျိုးသမီးတစ်ဦးကဆိုသည်။

“ဒူးရင်းသီးပေါ်ချိန်ကပေါ့။ ခြံထဲကဒူးရင်းသီးဆွဲပြီးထွက်လာတာကို လမ်းမှာလာလုတယ်။ သူကလည်းလုသေးတယ် ပြီးတော့ မုဒိမ်းကျင့်ပစ်လိုက်ရမလားလည်း ပြောသေးတယ်။ ကျွန်မတစ်ယောက်ထဲ တောထဲမှာဆိုတော့ ကြောက်လိုက်တာအရမ်းပဲ ခြေတွေလက်တွေပါ အေးစက်သွားတယ်” ဟု ၎င်းကဆိုသည်။

အာဏာသိမ်းမှု နှစ်ကြာလာသည်နှင့်အမျှ ဒေသအသီးသီးတွင် ခိုးမှု၊ လုယက်မှု၊ လိမ်လည်မှုစသည့် ဒုစရိုက်မှုများဒဏ်ကို ပြည်သူများခါးစည်းခံ‌နေကြရသည်။

နေ့စဉ်နီးပါးဖြစ်ပွားနေသည့် ဒုစရိုက်မှုကျူးလွန်သူအများစုကို စစ်ကောင်စီရော၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များပါ တားဆီးအရေးယူနိုင်ခြင်းမရှိသည်ကို တွေ့ရသည်။

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ‌ပြန်လွတ်လာသူများတွင် ဒုစရိုက်မှုဖြင့်ပြစ်ဒဏ်ကျသူများ  ပါရှိလာခြင်းကလည်း ဒေသတွင်း ဒုစရိုက်မှုများကို ပိုမိုဖြစ်ပွားရန် တွန်းအားပေးနေကြောင်း နိုင်ငံရေးလေ့လာသူတို့က ပြောဆိုကြသည်။