တရားမဝင် မြန်မာလုပ်သားများပါသော ယာဉ်တိမ်းမှောက်၍ ၁၀ ဦးဒဏ်ရာရ

0
4019

တရားမဝင် မြန်မာအလုပ်သမားများပါသော ပစ်ကပ်ကားတစ်စီး ဒီဇင်ဘာလ ၆ ရက် မနက်ပိုင်းအချိန်က ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင်တွင် တိမ်းမှောက်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ကားပေါ်ပါ တရားမဝင် မြန်မာအလုပ်သမား ၁၀ ဦးနှင့် အသက်ကြီးပိုင်း ထိုင်းနိုင်ငံသား ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

ကားတိမ်းမှောက်မှုသည် ဒီဇင်ဘာလ ၆ ရက်နေ့ မနက် ၆ နာရီအချိန်ခန့်တွင် အယုဒ္ဓယခရိုင် ပက်ဟိုင်းဒေသ ထဒင်းဒေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အရှိန်ဖြင့် မောင်းနှင်လာသော တိုယိုတာပစ်ကပ်ကားတစ်စီးသည် ပက်ဟိုင်း-စေးနားလမ်းရှိ လမ်းကွေ့တစ်နေရာတွင် ဘေးစောင်းအနေအထားဖြင့် တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

ကားသည် မနက်ပိုင်း ဆွမ်းလောင်းရန် ပြင်ဆင်နေသော အသက်ကြီးပိုင်း ထိုင်းနိုင်ငံသား လူအုပ်စုအတွင်းသို့ လှိမ့်ဝင်သွားခဲ့သဖြင့် ထိုင်းနိုင်ငံသား ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းကဆိုသည်။

ကားပေါ်တွင် ကလေးငယ်များအပါအဝင် တရားမဝင်လမ်းကြောင်းဖြင့် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော မြန်မာအလုပ်သမား ၂၄ ဦးပါရှိခဲ့ပြီး ၁၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

ဒဏ်ရာရရှိသူများကို ကနဦး ဆေးကုသမှုပေးရန်အတွက် ပက်ဟိုင်းဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။

 မြန်မာအလုပ်သမားများသည် တာခ့်ခရိုင်မှတစ်ဆင့် တရားမဝင်လမ်းကြောင်းဖြင့် ဝင်ရောက်လာခဲ့ကြောင်း ဝန်ခံခဲ့ပြီး ဘန်ကောက်သို့ ဦးတည်သွားရန် ရည်ရွယ်ထားကြောင်း ရေးသားထားသည်။

ကျန်ရှိသော မြန်မာအလုပ်သမားများကို ဥပဒေအရ ဆက်လက်အရေးယူ ဆောင်ရွက်နိုင်ရန်အတွက် ပက်ဟိုင်းရဲစခန်းသို့ ပို့ဆောင်ခဲ့သည်။

ပြည်တွင်း မလုံခြုံမှု၊ ကုန်ဈေးနှုန်းမြင့်တက်လာမှု၊ အလုပ်အကိုင် ရှားပါးလာမှုတို့ကြောင့် မြန်မာအလုပ်သမားများသည် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လျက်ရှိရာ ကားမှောက်မှုကြောင့် သေဆုံးခဲ့ရသည့် ဖြစ်စဉ်များစွာရှိခဲ့သည်။

ပြီးခဲ့သော ၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်း တရားမဝင်လမ်းကြောင်းဖြင့် ဝင်ရောက်ရာတွင် ကားမှောက်မှုများကြောင့် မြန်မာလုပ်သား သေဆုံးသူ ၈ ဦးအထိရှိခဲ့ပြီး ဒဏ်ရာရရှိသူ ၁၅ ဦးထက်မနည်းရှိခဲ့သည်။

Ref: Bangkok Post, CH 7 HD NEWS