စစ်ကောင်စီ လွတ်ငြိမ်းတွင် ဝန်ကြီး၊ ဝန်ကြီးချုပ်ဟောင်းနှင့် နိုင်ငံခြားသားများပါဝင်

0
3773

စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်စာရင်းတွင် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဝန်ကြီးချုပ်ဟောင်းနှင့် NLD အစိုးရလက်ထက်က စီးပွားရေးအကြံပေး အပါအဝင် နိုင်ငံခြားသားများ ပါဝင်လာသည်။

ယနေ့ ကျရောက်သည့် အမျိုးသားနေ့တွင် စစ်ကောင်စီက အကျဉ်းသား ၅၇၀၀ ကျော် လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းဖြစ်သည်။

ယင်းစာရင်းတွင် NLD အစိုးရလက်ထက်က အတိုင်ပင်ခံရုံဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရသည့် တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းဌေးတို့ ပါဝင်သည်။

ဒေါက်တာ လဲ့လဲ့မော်မှာ အဂတိလိုက်စားမှုဖြင့် NLD အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ်တွင် အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ် နှစ် ၃၀ ချမှတ်ခံထားရခြင်းဖြစ်သည်။

ဦးသန်းဌေးမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀ (က) ဖြင့် တရားစွဲဆိုကာ ယခုနှစ် ဇူလိုင်လတွင် ထောင်ဒဏ်သုံးနှစ် ပြစ်ဒဏ်ချမှတ်ထားခြင်းဖြစ်သည်။

၎င်းနှင့်အတူ ပြစ်ဒဏ်ချခံရသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်  ဥက္ကဋ္ဌ ဦးလှသိန်းနှင့် အဖွဲ့ဝင် ဦးမြင့်နိုင်တို့မှာ ပြီးခဲ့သည့် အောက်တိုဘာလ ၂၆ ရက်က ပြန်လည် လွတ်မြောက်သွားပြီဖြစ်သည်။

နိုင်ငံခြားသားများတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေး ဩစတြေးလျ နိုင်ငံသား မစ္စတာ ရှောင်တာနယ်၊ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးဟောင်း မစ္စဗစ်ကီဘိုးမန်း၊ ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင် ဒါရိုက်တာ မစ္စတာ တူရူကူဘို၊ အမေရိကန် နိုင်ငံသား စိုက်ပျိုးရေးပညာရှင် ဦးကျော်ဌေးဦးတို့ ပါဝင်သည်။

မစ္စတာ ရှောင်တာနယ်ကို နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃ (၁) (ဂ) ၊ လူဝင်မှုကြီးကြပ်ရေးဥပဒေ ပုဒ်မ ၁၃ (၁) ထောင်ဒဏ် သုံးနှစ်တစ်ပေါင်းတည်း ကျခံစေရန် ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ ရက် အမိန့်ချထားခြင်းဖြစ်သည်။

ရန်ကုန်တွင် ဆန္ဒပြပွဲကို မှတ်တမ်းရိုက်ကူးနေစဉ် ဖမ်းဆီးခံရသည့် မစ္စတာ တူရူကူဘိုကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) နှင့် အီလက်ထရွန်နစ် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၃၃ (က) တို့အတွက် ပြီးခဲ့သည့် အောက်တိုဘာလ ၅ ရက်က ထောင်ဒဏ် ၇နှစ် တစ်ပေါင်းတည်း ချမှတ်ထားခြင်းဖြစ်သည်။

မစ္စ ဗစ်ကီဘိုးမန်းသည် အစိုးရထံ ခွင့်ပြုချက်တောင်းထားသည့် အိမ်တွင် မနေဘဲ ခင်ပွန်းသည် ပန်းချီဆရာ ကိုထိန်လင်း၏ နေအိမ်တွင် လိုက်နေသည်ဟုဆိုကာ ဇနီးမောင်နှံနှစ်ဦး ဖမ်းဆီးတရားစွဲ ထောင်ချခံရခြင်းဖြစ်သည်။

ဗစ်ကီဘိုးမန်းကို လဝက အက်ဥပဒေ ပုဒ်မ ၁၃ (၁) ၊ နေထိုင်ရန် အားပေးအားမြှောက်ပြုသည်ဆိုကာ ပန်းချီဆရာ ကိုထိန်လင်းကို လဝကအက်ဥပဒေ ၁၃ (င) ဖြင့် ပြီးခဲ့သည့် သြဂုတ်လအတွင်းက ဖမ်းဆီးထောင်ချထားခြင်းဖြစ်သည်။

ဗစ်ကီဘိုးမန်းမှာ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးအဖြစ် ၂၀၀၂ မှ ၂၀၀၆ အထိတာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိ တွင် မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (Myanmar Center for Responsible Business (MCRB)) ၏ ဒါရိုက်တာဖြစ်သည်။ ပန်းချီထိန်လင်းမှာ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သည်။

လွတ်မြောက်လာသူများတွင် ဟာသ သရုပ်ဆောင် ဆင်မ (ခေါ်) ဦးဇော်မင်းထိုက်လည်း ပါဝင်သည်။

ယင်းအပြင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုထားသည့် အနုပညာရှင် ၁၀ ဦးကိုမူ စစ်ကောင်စီက အမှုရုပ်သိမ်းပေးခဲ့သည်။

ယင်းစာရင်းတွင် သရုပ်ဆောင်များဖြစ်သည့် ဖွေးဖွေး၊ ယွန်းဝတီလွင်မိုး၊ သဇင်ထူးမြင့်၊ သီဟဖြိုး၊ သရုပ်ဆောင် ဒါရိုက်တာ ဘုဏ်းသိုက်၊ အဆိုတော် နီနီခင်ဇော်၊ မော်ဒယ် သရုပ်ဆောင် နန်းခင်ဇေယျာ၊ မော်ဒယ်များဖြစ်သည့် ထက်ထက်ထွန်း၊ ဟေမာန်သူသူအောင်၊ ဒါရိုက်တာ မယ်မင်းဘုံတို့ ပါဝင်သည်။