ဒေါက်တာလဲ့လဲ့မော်နှင့်အတူ ကုမ္ပဏီတာဝန်ရှိသူများ ပြန်လွတ်

0
3812

တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်နှင့်အတူ အဂတိအမှုဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသည့် GGS ကုမ္ပဏီတာဝန်ရှိသူများ ယနေ့ပြန်လည်လွတ်မြောက်လာ‌ကြောင်း စုံစမ်းသိရှိရသည်။

“ဒီနေ့အကုန်လုံးပြန်လွတ်လာပါပြီ။ ဦးသိန်းထွေးပါတယ်။ ဒေါ်လဲ့လဲ့မော်ပါတယ်။ ဦးအောင်မြတ်ပါတယ်။ အခုထောင်ရှေ့မှာပါ။ ကျွန်တော်သူတို့ဘေးမှာရှိနေပါတယ်” ဟု ဦးသိန်းထွေး၏ မိတ်ဆွေ ဦးစိုးနိုင်က‌ ပြောသည်။

ဦးစိုးနိုင်သည် GGS ကုမ္ပဏီတာဝန်ရှိသူများ ထားဝယ်မြို့တွင် တရားရင်ဆိုင်နေစဉ်က မကြာခဏလာရောက်ခဲ့သူဖြစ်သည်။

GGS ကုမ္ပဏီမှာ ဝန်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော် လက်ထက်က ထားဝယ်ခရိုင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သည်။

ဒေါက်တာလဲ့လဲ့မော် အဂတိအမှု ၄ မှုနှင့်တရားစွဲခံရသည့်အထဲ GGS ကုမ္ပဏီက နိုင်ငံတော်သို့ ဂက်စ်ဖိုးငွေ ၉ ဘီလီယံနီးပါးပေးချေရန် ပျက်ကွက်ခဲ့မှု၊ ဒေါက်တာလဲ့လဲ့မော်ပိုင် နေအိမ်နှင့်ခြံကို ကျပ်သိန်း ၂၀၀၀ ဈေးပေးပြီး ဝယ်ယူခဲ့မှုတို့ဖြင့် GGS ကုမ္ပဏီဥက္ကဋ္ဌ ဦးသိန်းထွေးနှင့် တာဝန်ခံဦးအောင်မြတ်တို့မှာ ထောင်ဒဏ် ၁၀ နှစ်စီချမှတ်ခံရခြင်းဖြစ်သည်။

အထွေထွေမန်နေဂျာဖြစ်သူ ဦးသူရအုံမှာလည်း ထောင်ဒဏ် ၅ နှစ်ချမှတ်ခံခဲ့ရသည်။

 ယင်းထောင်ဒဏ်ချမှတ်ခံထားရသူ သုံးဦးအနက် ဦး‌သိန်းထွေး၊ ဦး‌အောင်မြတ်တို့နှစ်ဦး ယနေ့လွတ်ငြိမ်းချမ်းသာဖြင့် ပြန်လွတ်လာပြီး ဦးသူရအုံမှာ ယခင်ကတည်းက လွတ်မြောက်နေပြီဖြစ်ကြောင်း ဦးစိုးနိုင်ကပြောသည်။

ဒေါက်တာ လဲ့လဲ့မော် တရားစွဲခံရမှုများ

ဒေါက်တာလဲ့လဲ့မော်ကို ၂၀၁၉ ခုနှစ်  မတ်လ၂၅ ရက်နေ့က အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဖြင့် အမှုလေးခုဖွင့်ကာ တရားစွဲဆိုခဲ့သည်။

၎င်းအားစွဲဆိုခဲ့သည့် ပထမအမှုမှာ တိုင်းလမ်းဦးစီးဌာနသို့ ငွေကျပ် ၂ ဘီလီယံနီးပါးကို တစ်လုံးတစ်ခဲတည်း ထုတ်ယူဖို့ အခွင့်အရေးပေးခဲ့သည်။

ယင်းနောက် ဒေါက်တာလဲ့လဲ့မော်၏ခင်ပွန်းဦးထွန်းမင်းက ဦးမြင့်ဟိုအမည်ဖြင့် ဝယ်ထားသည့် ထားဝယ်မြို့ဆေးရုံလမ်းရှိ မြေကွက်ကို အဆိုပါဌာနညွှန်ကြားရေးမှူးအား အုတ်ခြံစည်းရိုးကာရံပေးရန် စေခိုင်းခဲ့သည့်အမှုဖြစ်သည်။

အဆိုပါ အမှုကို တနင်္သာရီတိုင်း တရားလွှတ်တော်က အပြစ်ရှိကြောင်းဆုံးဖြတ်ပြီး ထောင်ဒဏ်  ၁၀ နှစ် ချမှတ်ထားခြင်းဖြစ်သည်။

ဒုတိယအမှုမှာ ထားဝယ်လေယာဉ်ကွင်းရှိ ချုံနွယ်များကို ၂၀၁၆-၂၀၁၇ ဘဏ္ဏာနှစ် အထွေထွေပိုလျှံရန်ပုံငွေကျပ်သိန်း လေးထောင်အသုံးပြုပြီး ရှင်းလင်းခဲ့သည့်အမှုဖြစ်သည်။

အဆိုပါချုံရှင်းသည့်လုပ်ငန်းကို တင်ဒါမခေါ်ဘဲ ထားဝယ်ဒေသခံဦးဆန်နီပိုင်ဆိုင်သည့် F-22 ကုမ္ပဏီကို လုပ်ကိုင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ယင်းအမှုအတွက် တနင်္သာရီတိုင်း တရားလွှတ်တော်က ဒေါက်တာလဲ့လဲ့မော်ကို ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့သည်။

တတိယအမှုမှာ ထားဝယ်ခရိုင်လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ကိုင်နေသည့်GGS ကုမ္ပဏီက ဂက်စ်ဖိုးငွေ ၉ ဘီလီယံနီးပါးပေးချေရန် ပျက်ကွက်သည့်အပေါ် စွဲဆိုခဲ့သည်။

အဆိုပါအမှုတွင် GGS ကုမ္ပဏီ၏ မန်နေးဂျင်းဒါရိုက်တာဦးသိန်းထွေးနှင့် ဦးအောင်မြတ်တို့ကိုပါ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ယင်းအမှုကို တနင်္သာရီတိုင်းတရားလွှတ်တော်က ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ကို ထောင်ဒဏ် ၁၀ နှစ်ချခံရန် အမိန့်ချခဲ့ပြီး ဦးသိန်းထွေးနှင့် ဦးအောင်မြတ်ကိုလည်း ထောင်ဒဏ် ၁၀ နှစ်စီ ကျခံစေရန် အမိန့်ချခဲ့သည်။

စတုတ္ထအမှုမှာ သရက်ချောင်းမြို့ရှိ ဒေါက်တာလဲ့လဲ့မော်မိသားစုပိုင်နေအိမ်ကို ကျပ်သိန်းနှစ်ထောင်ဖြင့် GGSကုမ္ပဏီအားရောင်းချခဲ့ပြီးနောက် အဆိုပါကုမ္ပဏီအား သရက်ချောင်းငါးလေလံဈေး တည်ဆောက်ခြင်း၊ပုလောမြို့နယ်ခန်းမတည်ဆောက်ခြင်း၊ နေပြည်တော်ရှိ တိုင်းအစိုးရဧည့်ရိပ်သာတည်ဆောက်ခြင်းနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်းလုပ်ငန်းများကို လုပ်ကိုင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ယင်းအမှုတွင်လည်းဒေါက်တာလဲ့လဲ့မော်နှင့်အတူ ဦးသိန်းထွေ၊ ဦးအောင်မြတ်အပြင် GGS ကုမ္ပဏီမန်နေဂျာ ဦးသူရအုံ ကိုပါ တရားစွဲဆိုခဲ့သည်။

အဆိုပါ အမှုတွင် ဒေါက်တာလဲ့လဲ့မော်၊ ဦးသိန်းထွေးနှင့် ဦးအောင်မြတ်ကို ထောင်ဒဏ် ၁၀ နှစ်စီချမှတ်ခဲ့ပြီး ဦးသူရအုံကိုမူ ထောင်ဒဏ် ၅ နှစ်ချမှတ်ခဲ့သည်။

အမှုအမှတ် ၃ နှင့် ၄ ၏ ပြစ်ဒဏ်များကို တစ်ပေါင်းတည်းကျခံစေရန် တိုင်းတရားလွှတ်တော်က အမိန့်ချခဲ့သည့်အတွက် ဒေါက်တာလဲ့လဲ့မော်က ထောင်ဒဏ်နှစ် ၃၀ ၊ ဦးသိန်းထွေးနှင့် ဦးအောင်မြတ်က ၁၀ နှစ်စီ၊ ဦးသူရအုံက ၅ နှစ်ကျခံရန် အမိန့်ချခဲ့ခြင်းဖြစ်သည်။

အမှုအားလုံးကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂၁ ရက်တွင် စွဲချက်တင်ခဲ့သည်။

ဆက်စပ်သတင်းများ >>>>>

အမိန့်ချတဲ့နေ့

GGS ကုမ္ပဏီအကြွေးကျန်ကိစ္စ ပြည်ထောင်စုဝန်ကြီးဟောင်းနှင့် ဒုဝန်ကြီးဟောင်းနှစ်ဦးကို အဂတိဖြင့်အမှုဖွင့်

GGS မှ ဂက်(စ်)ဖိုးငွေကို နောက်ကျပြီးမှ မြန်မာငွေဖြင့် ပေးသွင်းမှုကြောင့် နိုင်ငံတော်မှ ဒေါ်လာ ၅ သိန်းကျော် နစ်နာ