ရနောင်းတွင် ၁၁ လအရွယ် မြန်မာကလေးငယ်တစ်ဦး ခိုးယူခံရပြီး လမ်းဘေးတွင် စွန့်ပစ်ခံရ

0
5010

ထိုင်းနိုင်ငံ ရနောင်းခရိုင်တွင် ၁၁ လသားအရွယ် မြန်မာကလေးငယ်တစ်ဦးကို ထိုင်းနိုင်ငံသားတစ်ဦးက ခိုးယူကာ ဆိုင်ကယ်စီး ထွက်ပြေးသွားပြီးနောက် ကလေးငယ်အား လမ်းဘေးတွင် စွန့်ပစ်ထားသည်ကို တွေ့ရှိခဲ့ရကြောင်း ကလေးငယ်၏ ဖခင်ဖြစ်သူက Dawei Watch သို့ ပြောသည်။

ကလေးငယ်၏ မိဘများသည် လောင်းလုံးမြို့နယ် ပန်းဒလဲရွာဒေသခံများဖြစ်ကြသည်။

ရနောင်းခရိုင်၊ ပါ့နမ်ဒေသ ပါ့ခလောင်ရွာ၌ နိုဝင်ဘာလ ၁၆ ရက်နေ့ ညနေ ၅ နာရီ ၄၀ မိနစ်ခန့်တွင် အဝါရောင် အင်္ကျီဝတ်ထားသော ထိုင်းနိုင်ငံသားတစ်ဦးသည် ကလေးငယ်ကို မုန့်ဝယ်ကျွေးမည်ဟု ဆိုကာ ကလေး၏ အဖိုးအဖွားလက်ထဲမှ ခိုးယူသွားခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံသားသည် ကလေးကို ခိုးယူခဲ့ပြီးနောက် လိုင်စင်နံပတ်ပြားမရှိသော ဆိုင်ကယ်ဖြင့် ရနောင်းမြို့တွင်းဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း ရေးသားထားသည်။

ကလေးခိုးယူခံခဲ့ရသည့်အကြောင်းကို အရေးပေါ်ဖုန်းနံပါတ် ၁၉၁ မှ လက်ခံရရှိခဲ့ပြီးနောက် ရနောင်းခရိုင် ရဲစခန်းရှိ တာဝန်ရှိသူများကို လိုက်လံစုံစမ်းရန် ညွှန်ကြားခဲ့ပြီး LINE APP မှတဆင့် အရပ်ဘက်အသင်းအဖွဲ့တစ်ခုဆီသို့ ကူညီရှာဖွေပေးရန် အကြောင်းကြားခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

ယင်းနေ့ ညနေ ၆ နာရီအချိန်ခန့်တွင် ဘန့်နော်ဒေသ ဖက်ကဆန်လမ်းမဘေး၌ ကလေးငယ်တစ်ဦး စွန့်ပစ်ထား သည်ကို မြန်မာအလုပ်သမား မောင်နှမ နှစ်ဦးက တွေ့ရှိသည်ဟု သတင်းရရှိခဲ့သဖြင့် သွားရောက်စစ်ဆေးခဲ့ရာ ကလေးကို ခိုးယူခံရသော နေရာမှ ၁၅ ကီလိုမီတာအကွာတွင် ပြန်လည်တွေ့ရှိခဲ့ရကြောင်း ရေးသားထားသည်။

မောင်နှမ နှစ်ဦးသည် ဆိုင်ကယ်မောင်းနှင်လာစဉ်တွင် ကလေးငယ် မှောက်လျက်အနေအထားဖြင့် လမ်းဘေးတွင် မေ့မြောနေသည်ကို တွေ့ရှိရသဖြင့် ပြန်လှည့်စစ်ဆေးခဲ့ရာ အသက်ရှင်နေသေးသည်ကို တွေ့ရှိခဲ့ရကြောင်း ၎င်းတို့နှစ်ဦးက သတင်းများတွင် ပြောဆိုထားသည်။

ကလေးကို တွေ့ရှိခဲ့သည့် မောင်နှမ နှစ်ဦးမှာ ထားဝယ်ဒေသခံ မြန်မာအလုပ်သမားများဖြစ်ကြကြောင်း ဖော်ပြသည်။

ကလေးငယ်၏ နှာခေါင်းနှင့် ဒူးတွင် ပွန်းရာတွေ့ရှိခဲ့ရပြီး လမ်းဘေးတွင် တွားသွားထားခြင်းဖြစ်နိုင်သည်ဟု ယူဆရကာ ကလေးကို ဆေးရုံသို့ပို့ဆောင်ရန် စီစဉ်ခဲ့ကြကြောင်း သိရသည်။

ကလေး၏ အမေဖြစ်သူ၊ အဖိုးအဖွားနှင့် ဆွေမျိုးများ ရနောင်းဆေးရုံတွင် အသင့်စောင့်ဆိုင်းနေခဲ့ကြပြီး ဒဏ်ရာများကို စစ်ဆေးရာတွင် ဆိုင်ကယ်ပေါ်က ပစ်ချခံထားရသော ဒဏ်ရာများ မဟုတ်သဖြင့် စိတ်အေးခဲ့ရကြောင်း ကလေးငယ်၏ မိဘဖြစ်သူထံမှ သိရသည်။

“ကလေးရဲ့မျက်နှာမှာ ဒဏ်ရာတွေပဲ ရတယ်ကြားရလို့ တော်သေးတယ်။ ခိုးတဲ့လူကို အဲဒီညကပဲ ရဲစခန်းမှာ မိသွားပြီလို့ပဲ ကြားရသေးတယ်။ သေချာတော့ မသိသေးဘူး” ဟု ကလေး၏ ဖခင်ဖြစ်သူက Dawei Watch သို့ ပြောသည်။

ဖခင်ဖြစ်သူမှာ ကလေး ပျောက်ဆုံး နေသောအချိန်တွင် ပင်လယ်ထဲရောက်နေကြောင်း ၎င်းက ဆိုသည်။

ရနောင်းခရိုင်ရှိ ပါ့နမ်ရဲစခန်းမှ ကလေးကို ခိုးယူခဲ့သော သံသယရှိသူကို သိရှိထားပြီးဖြစ်၍ ဆွေမျိုးများထံသို့ အကြောင်းကြားပြီးဖြစ်သဖြင့် ကိုယ်တိုင်လာရောက်အဖမ်းခံရန် ညွှန်ကြားထားခဲ့ခြင်း ဖြစ်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

Ref: CH 3 Plus News, Siamrath Online