သရက်ချောင်းရဲစခန်းအနီး လက်လုပ်မိုင်းတွေ့

0
2840

သရက်ချောင်းမြို့မရဲစခန်းအနီးတွင် နိုဝင်ဘာလ ၁၅ ရက် ညနေပိုင်းက မပေါက်ကွဲသေးသည့် လက်လုပ်မိုင်းတစ်လုံး တွေ့ရှိကြောင်း မြို့ခံအချို့ထံမှ သိရသည်။

ယင်းနေ့ ညနေ ၅ နာရီခန့်တွင် အမျိုးသားတစ်ဦး လမ်းလျှောက်လာပြီး သရက်ချောင်းမြို့မရဲစခန်းနှင့် မျက်နှာချင်းဆိုင် ရှိ မြေတူးဘိုဒူဇာရပ်ထားသည့်နေရာသို့ လက်လုပ်မိုင်းတစ်ခု ပစ်ချထားခဲ့ကြောင်း သရက်ချောင်းမြို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

“မိုင်းက လက်လုပ်မိုင်း။ ပလပ်စတစ်အိပ် အမဲလေးနဲ့ ထုပ်ထားတယ်” ဟု ၎င်းက ဆိုသည်။

လက်လုပ်မိုင်းချထားခဲ့သည်ကို ရဲစခန်းမှ သိရှိသွားခဲ့ပြီး စစ်ကောင်စီတပ်အား အကြောင်းကြားခဲ့သဖြင့် လာရောက် ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

၎င်းလက်လုပ်မိုင်းအား မည်သူတို့က ချထားခဲ့သည်ကိုမူ မသိရပေ။

လက်လုပ်မိုင်းတွေ့ရှိပြီးနောက် ယင်းလမ်းပိုင်းအား ခေတ္တပိတ်ထားပြီး ဖောက်ခွဲပြီးချိန်တွင် ဖြတ်သန်းသွားလာခွင့် ပေးခဲ့ကြောင်း အခြားမြို့ခံတစ်ဦးက ဆိုသည်။

သရက်ချောင်း မြို့မရဲစခန်းမှာ ကုန်းအမြင့်ပိုင်းတွင် ရှိပြီး ဗုံးချထားသည့်နေရာနှင့်လည်း အနည်းငယ်လှမ်းသဖြင့် ပေါက်ကွဲမှုဖြစ်ပွားပါကလည်း ကြီးကြီးမားမား ထိခိုင်နိုင်ခြေမရှိကြောင်း အခြားမြို့ခံတစ်ဦးက ပြောသည်။

အောက်တိုဘာလ ၁၃ ရက်ကလည်း သရက်ချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအနီးတွင် အသံမိုင်းတစ်ခုပေါက်ကွဲခဲ့ဖူးသေးသည်။