လောင်းလုံး ကရင်ကြီးရွာသားတစ်ဦး ပစ်သတ်ခံရ

0
4169

လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာအုပ်စု ကရင်ကြီးရွာက ဒေသခံအမျိုးသားတစ်ဦးသည် နိုဝင်ဘာလ ၁၅ ရက်က ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

ပစ်သတ်ခံရသူမှာ အသက် ၃၅ နှစ်အရွယ်ရှိ ဦးထွန်းထွန်းနိုင်ဆိုသူဖြစ်ပြီး နိုဝင်ဘာလ ၁၅ရက် နံနက်က သဘော့ဆိပ်နှင့် ကျောက်ဆင်ရွာကြားလမ်းပိုင်းတစ်နေရာတွင် ပစ်ခတ်ခံရခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ဖြစ်တာကတော့ မနက်စောစော ခြောက်နာရီကျော်လောက်ရှိမယ်။ သေနတ်သံတွေ လေးငါးချက်ကြားရတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါအမျိုးသားကို Dawei Defense Team-DDT တပ်ခွဲ (၃) (ထားဝယ်-ပကဖ) ၊ Dawei Guerrilla Revolutionary Force-DGRF (ထားဝယ်-ပကဖ) နှင့် Launglone People Defence Force-LLPDF (လောင်းလုံး-ပကဖ) အဖွဲ့တို့ ပူးပေါင်း၍ ရှင်းလင်းခဲ့ကြောင်း ယင်းအဖွဲ့များ၏ ထုတ်ပြန်ချက်အရသိရသည်။

ဦးထွန်းထွန်းနိုင်သည် စစ်ကောင်စီတပ်သားများ ရွာထဲဝင်လာချိန် ကိုယ်တိုင်လမ်းပြခြင်း၊ လက်နက်ကိုင်ဆောင်ခြင်း၊ လူသတ်ဓားပြတိုက်ခြင်း၊ ငါးဖမ်းလှေများထံ ဆက်‌ကြေးကောက်ခံ၍ ကိုယ်ကျိုးအတွက် အသုံးပြုခြင်းများ လုပ်ဆောင်နေခြင်းကြောင့် သုတ်သင်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။

အထက်ပါ ထုတ်ပြန်ပြောဆိုချက်နှင့် ပတ်သက်၍မူ Dawei Watch အနေဖြင့် သီးခြားအတည် မပြုနိုင်သေးပေ။

သေဆုံးသူ၏ ရုပ်အလောင်းကို ယင်းနေ့ နိုဝင်ဘာလ ၁၆ ရက် နံနက် ပိုင်းတွင် ထားဝယ်မြို့မှ ‌အရေးပေါ်ကားများဖြင့် လာရောက် သယ်ယူသွားကြေင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။