ထိုင်းတွင် မြန်မာလုပ်သားများစွာလုပ်ကိုင်သော ဖိနပ်စက်ရုံမီးလောင်၊ နှစ်ဦးဒဏ်ရာရ

0
2707

ထိုင်းနိုင်ငံ စမူပရကန်ခရိုင်တွင် မြန်မာအလုပ်သမား အများအပြား လုပ်ကိုင်လျက်ရှိသော Aerosoft ဖိနပ်စက်ရုံတွင် နိုဝင်ဘာလ ၁၅ ရက်နေ့ ညနေပိုင်းက မီးလောင်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

စမူပရကန်ခရိုင် ဘန်ဖလီဒေသ ဘန်ချလုံးနယ်မြေ ဘန့်နာ့တရပ်အဝေးပြေးလမ်းမကြီးဘေးရှိ Summit Footwear ကုမ္ပဏီပိုင် Aerosoft အမှတ်တံဆိပ် ဖိနပ်စက်ရုံတွင် နိုဝင်ဘာလ ၁၅ ရက် ညနေ ၃ နာရီခွဲခန့်မှစ၍ မီးစတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

မီးစတင်လောင်ကျွမ်းသောအချိန်သည် စက်ရုံရှိ အလုပ်သမား ရာနှင့်ချီ အလုပ်ဆင်းနေသောအချိန်ဖြစ်ပြီး အလုပ်သမားများသည် အရေးပေါ်ထွက်ပေါက်မှ အကုန်လုံးလွတ်မြောက်ခဲ့ကြောင်း Bangkok Post သတင်းဌာနက ဖော်ပြထားသည်။

မီးလောင်ကျွမ်းမှုကြောင့် လူ ၂ ဦးဒဏ်ရာရရှိခဲ့သည်ဟု ထိုင်းသတင်းများတွင် ရေးသားထားသော်လည်း ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များကို ဖော်ပြထားခဲ့ခြင်း မရှိပေ။

“ဒီစက်ရုံမှာက မြန်မာအလုပ်သမားတွေ အများကြီးပဲ။ ပတ်ဝန်းကျင်မှာလည်း မြန်မာအလုပ်သမားတွေ အများဆုံးနေတာ။ မီးကိုက ၉ နာရီလောက်အထိ ငြိမ်းနေတာ မြင်နေရတယ်” ဟု အနီးပတ်ဝန်းကျင်တွင် နေထိုင်သူ မြန်မာအလုပ်သမားတစ်ဦးက ဆိုသည်။

မီးလောင်ကျွမ်းမှုသည် ၆ ထပ်စက်ရုံရှိ မြေညီထပ်မှ စတင်လောင်ကျွမ်းခြင်းဖြစ်နိုင်ပြီး မီးလောင်ကျွမ်းမှုကို ထိုင်းမီးသတ်တပ်ဖွဲ့က မီးသတ်ကား ဒါဇင်ပေါင်းများစွာဖြင့် ငြိမ်းသတ်ခဲ့ရကြောင်း သတင်းများတွင် ရေးသားထားသည်။

မီးလောင်ကျွမ်းမှုကို ထိန်းချုပ်နိုင်ရန်အတွက် မီးသတ်တပ်ဖွဲ့များမှ ၅ နာရီကျော်ကြာအောင် အချိန်ယူခဲ့ရပြီး စက်ရုံ၏ နံရံများတွင် အက်ကြောင်းများပေါ်လာကာ ပြိုကျနိုင်သောအခြေအနေရှိနိုင်သဖြင့် မီးသတ်သမားများကို စက်ရုံအတွင်း ဝင်ခွင့်မပြုခဲ့ကြောင်း ရေးသားထားသည်။

မီးလောင်မှုကြောင့် စက်ရုံအရှေ့ရှိ ဘန်နာ့တရပ်အဝေးပြေးလမ်းမကြီးကို ယနေ့မနက်ပိုင်းအထိ ပိတ်ထားခဲ့ကာ မီးလောင်ရသည့်အကြောင်းအရင်းနှင့် ပျက်စီးဆုံးရှုံးမှုကို ထုတ်ပြန်ထားခြင်းမရှိသေးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

Ref: Bangkok Post, Khaosod Online