ဒီဇယ်ဈေးကျသလောက် မြိတ်မီတာခ ဈေးပြန်မကျ

0
3263

မြိတ်မြို့တွင် ဒီဇယ်ဆီဈေးနှုန်း သိသိသာသာ ကျဆင်းနေသော်လည်း လျှပ်စစ်မီတာခဈေး သိသိသာသာမကျဘဲ တစ်ယူနစ်လျှင် ၂၅ ကျပ်သာ ကျဆင်းကြောင်း မြိတ်မြို့မှ လျှပ်စစ်မီးသုံးစွဲသူတို့က ပြောသည်။  

ဒီဇယ်ဆီ တစ်ပီပါလျှင် ကျပ်ငါးသိန်းနီးပါးရှိခဲ့သည့် ဇူလိုင်လက မီတာခ တစ်ယူနစ်လျှင် ၉၄၇ ကျပ် ကောက်ခံခဲ့သည်။

ယင်းနောက် ဩဂုတ်လတွင် ဒီဇယ်ဈေး ကျပ်ရှစ်သိန်းအထိ မြင့်တက်သဖြင့် တစ်ယူနစ်လျှင် ၁၁၅၃ ကျပ်အထိ တိုးမြှင့်ကောက်ခဲ့ကြောင်း လျှပ်စစ်မီးသုံးစွဲသူတို့က ပြောသည်။

စက်တင်ဘာနှင့် အောက်တိုဘာလတို့တွင် ဒီဇယ်တစ်ပီပါလျှင် ကျပ်ခြောက်သိန်းခုနှစ်သောင်းအထိ ဈေးပြန်ကျဆင်း ခဲ့ချိန်တွင်လည်း တစ်ယူနစ်လျှင် ၁၁၂၈ ကျပ် ကောက်ခံနေဆဲဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

ဒီဇယ်ဆီ တစ်ပီပါလျှင် ကျပ်တစ်သိန်းသုံးသောင်းအထိ ဈေးကျခဲ့သော်လည်း မီတာခ တစ်ယူနစ်လျှင် ၂၅ ကျပ်သာ ဈေးကျဆင်းခြင်းဖြစ်သည်။

“ဒီဇယ်ဈေးကျတယ်။ မီးဖိုးက မဖြစ်စလောက် ၂‌၅ ကျပ်ပဲ မီတာခဈေးကျတယ်လို့တောင် ပြောလို့မရဘူး” ဟု ကန်ဖျားရပ်နေ လျှပ်စစ်မီးသုံးစွဲသူတစ်ဦးက ပြောသည်။

မီတာခဈေးနှုန်း အတက်အကျမှာ ဒီဇယ်လောင်စာဆီဈေးနှုန်း အတက်အကျအပေါ်မူတည်ပြီး ကောက်ခံနေရခြင်း ဖြစ်ကြောင်း Petro & Trans ကုမ္ပဏီ တာဝန်ရှိသူတို့က ပြောဆိုလေ့ရှိသည်။

သို့သော် လက်ရှိတွင် ဒီဇယ်ဈေး သိသိသာသာကျသော်လည်း မီတာခ သိသိသာသာ မကျခြင်းနှင့်ပတ်သက်၍ ကုမ္ပဏီထံ ဆက်သွယ် တာဝန်ယူဖြေကြားပေးမည့်သူနှင့် မေးမြန်းခွင့်မရခဲ့ပေ။

ရွှေပြည်တန်ရပ်နေ အသေးစားလုပ်ငန်းရှင်တစ်ဦးကမူ လက်ရှိ ဒီဇယ်ဈေးနှုန်းအရ မီတာခတစ်ယူနစ်လျှင် ကျပ်တစ်ရာဝန်းကျင်အထိ ကျဆင်းသင့်ကြောင်း ပြောဆိုသည်။

ယခုနှစ်အစဖြစ်သည့် ဇန်နဝါရီလက မီတာခ တစ်ယူနစ်လျှင် ၄၇၈ ကျပ်၊ ဖေဖော်ဝါရီလတွင် ၅၆၅ ကျပ်၊ မတ်လတွင် ၇၆၅ ကျပ်၊ ဧပြီလတွင် ၇၃၀ ကျပ်၊ မေလတွင် ၈၄၅ ကျပ်နှင့် ဇွန်လတွင် ၈၉၇ ကျပ် စသဖြင့် ကောက်ခံခဲ့သည်။