ပုဂေါဇွန်းရွာသားတစ်ဦးကို လူတစ်စုက ဖမ်းခေါ်သွားပြီးနောက် ‌သေဆုံးလျက်ပြန်တွေ့

0
5391

ရေဖြူမြို့နယ်၊ ပုဂေါဇွန်းရွာတွင် လက်နက်ကိုင်လူတစ်စုက ပုဂေါဇွန်းရွာသားတစ်ဦးကို ဖမ်းခေါ်သွားပြီးနောက်ရက်တွင် သေဆုံးနေသည့် အလောင်းသာ လမ်းဘေးတွင် ပြန်တွေ့ခဲ့ရကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့ ညရှစ်နာရီဝန်းကျင်တွင် ပုဂေါဇွန်းရွာသားတစ်ဦးဖြစ်သူ အသက်ငါးဆယ်ကျော် အရွယ်ရှိ ဦးစိန်လင်းကို လက်နက်ကိုင်လူတစ်စုက ကြိုးတုတ်ဖမ်းဆီးသွားခြင်းဖြစ်သည်။

နိုဝင်ဘာလ ၁၂ ရက် မနက်ပိုင်းတွင် ယင်းကျေးရွာ၏အရှေ့ဘက်ဒေသ အခေါ် ရှမ်းဆိုဒ်အနီး လမ်းပိုင်းတစ်နေရာတွင် ဦးစိန်လင်း၏ ရုပ်အလောင်းကို တွေ့ရသည်ဟု ဒေသခံတစ်ဦးကပြောသည်။

“ဒဏ်ရာက တစ်ကိုယ်လုံးအနှံ့ ရှစ်ချက်လောက် ရှိမယ်။ အူတွေလည်းထွက်နေတယ် “ဟု ၎င်းကပြောသည်။

ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များမိုင်းထောင်ထားသည်ကို စစ်ကောင်စီတပ်ကသိရှိပြီး မိုင်းဖြုတ်သွားနိုင်ခြင်းမှာ ၎င်းကသတင်းပေးလိုက်ခြင်းကြောင့် ဖြစ်သည်ဟု ကျေးရွာအတွင်း သတင်းများထွက်ပေါ်‌နေသည်။

သို့သော် ဦးစိန်လင်းအား မည်သူတို့က မည်သည့်အကြောင်းရင်းကြောင့် သတ်သွားသည်ဆိုသည်ကို Dawei watch အနေဖြစ် သီးခြားအတည်မပြုနိုင်သေးပေ။

ဦးစိန်လင်းမှာ လွန်ခဲ့သည့် ဆယ်နှစ်ကျော်ခန့်က အခြားဒေသကနေ ပုဂေါဇွန်းရွာကို ဆီအုန်းခြံလုပ်သားအဖြစ် ပြောင်းရွှေ့လာပြီး ပုဂေါဇွန်းရွာသူနှင့်အိမ်ထောင်ကျခဲ့သည်။

ဆီအုန်းခြံလုပ်ငန်းများ ရပ်တန့်ထားချိန်မှ ယနေ့အထိ ရလိုင်ရွာ ရေလွှဲဆည်တွင် ဆည်မြောင်းဝန်ထမ်းတစ်ဦးအဖြစ် လုပ်ကိုင်နေသူဖြစ်ကြောင်းလည်း အခြားဒေသခံတစ်ဦးကပြောသည်။

၎င်း၏ရုပ်အလောင်းကို နိုဝင်ဘာလ ၁၂ ရက် နေလယ်ပိုင်းက ရွာသားများက သွားရောက်သယ်ယူပြီး မီးရှို့ သင်္ဂြိုဟ်လိုက်သည်ဟု ဒေသခံများ၏ ပြောကြားချက်အရသိရသည်။