တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
3395

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

Dawei Watch၊ နိုဝင်ဘာလ ၆ရက်မှ ၁၂ ရက်အထိ

မီးရှို့ခံရသည့်နေအိမ် လေးသောင်းနီးပါးရှိသွားပြီ

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက် ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိပက္ခနှင့် တိုက်ပွဲဖြစ်စဉ်များအတွင်း မီးရှို့ဖျက်ဆီးခံရသည့် နေအိမ် လေးသောင်းနီးပါးရှိလာပြီဖြစ်ကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP Myanmar) က ထုတ်ပြန်သည်။

အာဏာသိမ်းချိန်မှ ယခုနှစ် အောက်တိုဘာလ ၃၁ ရက်အထိ နေအိမ်၊ ဘာသာရေး အဆောက်အအုံများ အပါအဝင် အဆောက်အအုံ ၃၈,၅၆၈ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံရကြောင်း ဖော်ပြသည်။

မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်၊ အဆောက်အအုံ စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်း အရေအတွက်အားဖြင့် အလုံး ၂၆,၉၇၀ မှာ စစ်ကိုင်းတိုင်းထဲတွင် ဖြစ်ကြောင်းလည်း ISP Myanmar က ဆိုသည်။ ဒုတိယ အများဆုံးမှာ မကွေးတိုင်းတွင် အလုံးရေ ရှစ်ထောင်ကျော် ရှိပြီး တတိယအများဆုံး ချင်းပြည်နယ်တွင် တစ်ထောင်ကျော် ရှိကြောင်း ဖော်ပြသည်။

………………………………..

စစ်ကောင်စီနှင့် လူပုဂ္ဂိုလ် ၁၉ဦးကို အရေးယူလိုက်သည့် EU

စစ်ကောင်စီနှင့် လူပုဂ္ဂိုလ် ၁၉ဦးတို့ကို ပြစ်ဒဏ်ခတ် ပိတ်ဆို့အရေးယူလိုက်ကြောင်း ဥရောပသမဂ္ဂ EU က နိုဝင်ဘာလ ၈ ရက်နေ့က ကြေညာသည်။

စစ်အာဏာသိမ်းပြီးနောက် အကြမ်းဖက်မှုများမြင့်တက်လာပြီး ပြင်းထန်သောလူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ပဉ္စမအကြိမ်အဖြစ် ထပ်တိုးပြစ်ဒဏ်ခတ်ပိတ်ဆို့ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

ထပ်တိုးအရေးယူသည့်စာရင်းတွင် စစ်ကောင်စီတစ်ဖွဲ့လုံး ပါဝင်နေသည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် တရားဥပဒေ စိုးမိုးရေးကို ထိခိုက်စေရန် အဓိကအခန်းကဏ္ဍကပါဝင်လျက်ရှိပြီး နိုင်ငံအတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးတို့ကို ခြိမ်းခြောက်သည့်လုပ်ရပ်များ ဆောင်ရွက်နေခြင်းကြောင့်ဟု ဆိုသည်။

လူပုဂ္ဂိုလ် ၁၉ဦးတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးကံဇော်၊ တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော်နှင့် တပ်မတော် (လေ) မှ အဆင့်မြင့်အရာရှိများ ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ၊ တပ်မတော်နှင့် အနီးကပ်ဆက်နွယ်ပြီး ချိတ်ဆက်ပံ့ပိုးပေးလျက်ရှိသည့် ပုဂ္ဂလိက ကုမ္ပဏီများမှ စီးပွားရေးကိုယ်စားလှယ်များ ပါဝင်သည်။

ပြစ်ဒဏ်ခတ်ပိတ်ဆို့မှုများသည် လူပုဂ္ဂိုလ် ၈၄ ဦးနှင့် အဖွဲ့အစည်း ၁၁ ခုအ‌ပေါ် အကျုံးဝင်သက်ရောက်ကြောင်း EU က ထုတ်ပြန်သည်။

၎င်းတို့၏ ပိုင်ဆိုင်မှု ထိန်းချုပ်ကာ ခရီးသွားလာခွင့်ပိတ်ပင်လိုက်ပြီး ၎င်းတို့အား ဥရောပသမဂ္ဂနယ်မြေအတွင်း ဝင်ရောက်ခြင်း သို့မဟုတ် ဖြတ်သန်းခြင်းမှ တားဆီးထားသည်ဟု ဆိုသည်။

ယင်းအပြင် ဥရောပသမဂ္ဂက လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများသည် ပြစ်ဒဏ်ခတ်ပိတ်ဆို့ရန် စာရင်းသွင်းခံထား ရသူများကို ရန်ပုံငွေရရှိစေခြင်းအားလည်း တားမြစ်ထားသည်။

လက်နက်နှင့် စက်ပစ္စည်းများတင်ပို့ရောင်းချခြင်း၊ ပြည်တွင်းဖိနှိပ်မှုတွင် သုံးနိုင်သည့် ဆက်သွယ်ရေးကိရိယာများ တင်ပို့မှုအပေါ်ကန့်သတ်ခြင်း၊ စစ်ကောင်စီတပ်သုံး စစ်ဖက်-အရပ်ဖက်သုံး ပစ္စည်းနှင့် နည်းပညာ တင်ပို့မှု တားမြစ်ခြင်း၊ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုများကို တားမြစ်ခြင်းတို့မှာ ဆက်လက်ရှိနေဦးမည်ဟု EU က ဆိုသည်။

ညှင်းပန်းနှိပ်စက်မှုများ၊ အကြမ်းဖက်မှုများ၊ အရပ်သားများအပေါ် တိုက်ခိုက်မှုများ၊ ပိုင်ဆိုင်မှု သိမ်းဆည်းမှုများ၊ ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုများကို ရှုတ်ချထားပြီး မြန်မာနိုင်ငံတွင် ကာလရှည်ကြာ ပဋိပက္ခဆီသို့ ဆင့်ကဲပြောင်းလဲလာမှုအပေါ် စိုးရိမ်ကြောင်းလည်း ထုတ်ပြန်သည်။

အာဏာသိမ်းပြီးနောက် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် တာဝန်ရှိသူအားလုံးတို့ကို အရေးယူနိုင်ရန် ဆက်လက်ကြိုးပမ်းသွားမည်ဟုလည်း ဆိုသည်။

သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် အာဏာသိမ်းပြီးနောက် ဖမ်းဆီးထိန်းချုပ်ခံထားရသူ အားလုံးတို့ကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန်လည်း တောင်းဆိုထားသည်။

………………………………..

ရွေးကောက်ပွဲ တရားမျှတမှု မရှိနိုင်ဟု အမေရိကန်ပြော

မြန်မာစစ်ကောင်စီက ကျင်းပမည့် ဟန်ပြရွေးကောက်ပွဲသည် လက်ရှိအနေအထားအရ လွတ်လပ်ပြီးတရားမျှတရန် မဖြစ်နိုင်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန်က ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံ၏ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ၂နှစ်ပြည့်နေ့ ဖြစ်သည့် နိုဝင်ဘာလ ၈ ရက်တွင် ယင်းသို့ ပြောဆိုခြင်းဖြစ်သည်။

ရွေးကောက်ပွဲသည် အကြမ်းဖက်မှုများ ပိုမိုဖြစ်ပွားရန် တွန်းအားပေးခြင်း၊ အကျပ်အတည်းကို ပိုမိုကြာရှည်စေခြင်း၊ တိုင်းပြည်၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှုနှင့် တည်ငြိမ်အေးချမ်းသာယာရေးကို နှောင့်နှေးကြန့်ကြာစေခြင်းတို့ကို ဖြစ်စေလိမ့်မည်ဟုလည်း ပြောသည်။

နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ယင်းရွေးကောက်ပွဲကို ငြင်းပယ်ပြီး ဒီမိုကရေစီလိုလားသည့် ခေါင်းဆောင်များနှင့် သာ အဓိပ္ပါယ်ရှိရှိ ထိတွေ့ဆောင်ရွက်ကြရန်လည်း ၎င်းက တိုက်တွန်းထားသည်။

၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် မြန်မာနိုင်ငံတဝှမ်းက ပြည်သူများ ဆန္ဒမဲပေးကာ ဒီမိုကရေစီနည်းကျ အစိုးရတစ်ရပ်အဖြစ် တိုင်းပြည်တိုးတက်ပြောင်းလဲမှု မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့သော်လည်း အာဏာသိမ်းမှုကြောင့် ဆယ်စုနှစ်တစ်ခုစာ ဒီမိုကရေစီရေးတိုးတက်ပြောင်းလဲမှုကို နောက်ပြန်လှည့်စေခဲ့ကြောင်း ဝန်ကြီးက ဆိုသည်။

စစ်ကောင်စီကမှု ရွေးကောက်ပွဲကို ၂၀၂၃ ခုနှစ်တွင် ကျင်းပရန် စီစဉ်နေပြီး လက်ရှိတွင် မဲစာရင်းစိစစ်နေသည်။

………………………………..

စစ်လေယာဉ်အဝယ်တော်ကို အမေရိကန်အရေးယူ

မြန်မာစစ်ကောင်စီ၏ စစ်လေယာဉ်အဝယ်တော် ခရိုနီ ဦးကျော်မင်းဦးကို ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန်က ကြေညာလိုက်သည်။

စစ်ကောင်စီ၏ အကြမ်းဖက်မှု အထူးသဖြင့် လေကြောင်းတိုက်ခိုက်မှုများ ဆင့်ကာဆင့်ကာပြုလုပ်ခြင်းနှင့် အရပ်သား ပြည်သူများကို သတ်ဖြတ်ခြင်းကို ပံ့ပိုးပေးသည့်သူများအပေါ် အမေရိကန်ပြည်ထောင်စုက ထပ်တိုးအရေးယူခြင်း ဖြစ်ကြောင်း ပြောသည်။

Sky Aviator Company Limited နှင့် ကုမ္ပဏီပိုင်ရှင်လည်းဖြစ် ဒါရိုက်တာလည်းဖြစ်သည့် ဦးကျော်မင်းဦး၏ မြန်မာနိုင်ငံအတွင်းအခြေအနေနှင့်စပ်လျဉ်း၍ ပိုင်ဆိုင်မှုများကို အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက သမ္မတအမိန့်အရ ထိန်းချုပ်ကန့်သတ်လိုက်ကြောင်း ဆိုသည်။

Sky Aviator သည် မြန်မာစစ်တပ်အတွက် စစ်လေယာဉ်အစိတ်အပိုင်းများကို တင်သွင်းပေးနေသည့် အဓိက အဝယ်အတော်လုပ်ငန်းတစ်ခု ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။ အာဏာသိမ်းမှုနောက်ပိုင်းတွင် Sky Aviator ကုမ္ပဏီသည် ဒဏ်ခတ်ပိတ်ဆို့အရေးယူထားသည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များထံမှ လက်နက်ကုန်စည်များကို တစ်ကြိမ်မက လက်ခံရယူခဲ့သည်ဟု ဆိုသည်။

ဦးကျော်မင်းဦးသည် နိုင်ငံခြားမှ စစ်အရာရှိများ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန်၊ စစ်လက်နက်ပစ္စည်းများ မြန်မာနိုင်ငံသို့ တင်သွင်းရန်နှင့် တိုက်ခိုက်ရေးသုံး ရဟတ်ယာဉ်များအဆင့်မြှင့်တင်ရန် လိုအပ်သည့် ပစ္စည်းများကို ပေးအပ်ပံ့ပိုးခဲ့ကြောင်း ပြောဆိုထားသည်။

………………………………..

ရုရှားထံမှ ဝယ်ထားသည့် တိုက်လေယာဉ်များ အသုံးပြုနိုင်ပြီဟုဆို

ရုရှားနိုင်ငံမှ ဝယ်ယူထားသည့် Su-30 တိုက်လေယာဉ်များကို စစ်ကောင်စီက စတင်လက်ခံရရှိနေပြီဖြစ်ကြောင်း မြန်မာစစ်တပ်ကို စောင့်ကြည့်လေ့လာနေသည့် Myanmar Witness အဖွဲ့က နိုဝင်ဘာလ ၇ရက်က ထုတ်ဖော်ပြောဆိုသည်။

ရုရှား Sukhoi ကုမ္ပဏီထုတ် Su-30 တိုက်လေယာဉ် ခြောက်စီးကို တစ်စီးလျှင် အမေရိကန် ဒေါ်လာ သန်း ၃၀ကျော်ဖြင့် ၂၀၁၈ ခုနှစ်တွင် မြန်မာက ဝယ်ယူခဲ့ခြင်းဖြစ်သည်။ ယင်းအနက် လေယာဉ်တစ်စီးကို လက်ခံရရှိထားပြီ ဖြစ်ကြောင်း ယင်းအဖွဲ့က ဂြိုဟ်တုက ရရှိသည့်အချက်အလက်များ၊ လေယာဉ်ပျံသန်းမှု စောင့်ကြည့်ရေး အစီအရင်ခံစာများကို ကိုးကားကာ ထုတ်ပြန်သည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၇ ရက်က Su-30 တိုက်လေယာဉ် နေပြည်တော် လေတပ်စခန်းတွင် စတင်စမ်းသပ်လေ့ကျင့်ပျံသန်းခဲ့ဟု ဆိုသည်။

အမေရိကန် အခြေစိုက် The Defense Post သတင်းဌာနကလည်း ရုရှားတိုက်လေယာဉ်အချို့ကို မြန်မာစစ်ကောင်စီက လက်ခံရရှိထားပြီဟု နိုဝင်ဘာလ ၄ ရက်က သတင်းဖော်ပြခဲ့သည်။

ရုရှား တိုက်လေယာဉ်များ အသင့်ဖြစ်နေပြီဖြစ်ပြီး အသုံးပြုနိုင်ပြီဟု စစ်ကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုကြောင်း BBC သတင်းတစ်ရပ်တွင် ဖော်ပြသည်။

Su-30 နှစ်စီးရောက်ရှိနေပြီး ရုရှားတိုက်လေယာဉ်မှူးများနှင့် နည်းပညာရှင်များ နေပြည်တော်တွင် လေ့ကျင့်သင်ကြားနေကြောင်းလည်း ဇူလိုင်လဝန်းကျင်က သတင်းအချို့တွင် ဖော်ပြခဲ့ဖူးသည်။

လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူများ သေဆုံးမှု မြင့်တက်နေသဖြင့် လူ့အခွင့်အရေးအဖွဲ့များ ဝေဖန်ရှုတ်ချနေကြချိန်တွင် ရုရှားက တိုက်လေယာဉ်များ ပြည်တွင်းသို့ ရောက်ရှိလာခြင်းဖြစ်သည်။

………………………………..

အချိန်ကန့်သတ်တော့မည့် အာဆီယံဘုံသဘောတူညီချက်

အလုပ်မဖြစ်ဟု ဝေဖန်ခံရသည့် မြန်မာ့အရေး ဘုံသဘောတူညီချက်ငါးချက်ကို အာဆီယံက ဆက်လက် ကိုင်စွဲသွားမည်ဖြစ်သော်လည်း ယင်းငါးချက်ကို အကောင်အထည်ဖော်ရမည့် အချိန်ကာလသတ်မှတ်ရန် အာဆီယံထိပ်သီးအစည်းအဝေးတွင် ဆုံးဖြတ်လိုက်သည်။

အာဆီယံထိပ်သီးအစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်တွင် နိုဝင်ဘာလ ၁၀ ရက်နေ့က စတင်ကျင်းပခြင်းဖြစ်ပြီး အစည်းအဝေး ပထမနေ့တွင် ယင်းသို့ ထုတ်ပြန်ခြင်းဖြစ်သည်။

အာဆီယံဘုံသဘောတူညီချက်သည် တစ်နှစ်ခွဲကျော်သည်အထိ တိုးတက်မှု မရှိသလောက်ဖြစ်နေသဖြင့် ခိုင်မာလက်တွေ့ကျပြီး ထင်သာမြင်သာသည့် ရလဒ်ထွက်ရေးအတွက် အချိန်ကာလသတ်မှတ်ရေးကို ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ သို့သော် အချိန်သတ်မှတ်ချက်နှင့်ပတ်သက်၍မူ ထုတ်ပြန်ထားခြင်း မတွေ့ရပေ။

အာဆီယံအစည်းအဝေးများက မြန်မာနိုင်ငံ ကိုယ်စားလှယ် တက်ရောက်ခွင့် ပိတ်ပင်ထားခြင်းကိုလည်း လိုအပ်လျှင် ပြန်လည်သုံးသပ်မည်ဟုလည်း ထုတ်ပြန်သည်။

စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနကမူ မြန်မာနိုင်ငံက မပါဝင်ဘဲ ကျန်အာဆီယံနိုင်ငံများ၏ ဘုံသဘောတူညီချက်ကို ပြန်လည်သုံးသပ်ခြင်းနှင့် ဆုံးဖြတ်ချက်များကို လက်ခံမည် မဟုတ်ကြောင်း နိုဝင်ဘာလ ၁၁ ရက်က ထုတ်ပြန်သည်။ မြန်မာနိုင်ငံကို တန်းတူရည်တူ မဆက်ဆံဘဲ ခွဲခြားဆက်ဆံသည့် လုပ်ရပ်ကို လက်မခံကြောင်းလည်း ဆိုသည်။

ဘုံသဘောတူညီချက်များမှာ အကြမ်းဖက်မှုအားလုံး ချက်ချင်းရပ်တန့်ရန်၊ သက်ဆိုင်သူများကြား အပြုသဘော ဆောင်သည့် တွေ့ဆုံဆွေးနွေးမှုလုပ်ရန်၊ အာဆီယံက တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်များကို ညှိနှိုင်းပေးရန်၊ အာဆီယံက လူသားချင်းစာနာမှု အကူအညီများပေးရန်၊ အာဆီယံ အထူးကိုယ်စားလှယ်ကို မြန်မာနိုင်ငံသို့ သွားရောက်ပြီး သက်ဆိုင်သူ အားလုံးနှင့် တွေ့ဆုံရန် ဖြစ်သည်။

………………………………..

ပြည်သူ ၁၀ကျော် သေဆုံးခဲ့သည့် ပုဏ္ဏားကျွန်းဖြစ်ရပ်

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်ကောင်စီတပ်က ရိက္ခာပို့သည့် ကားနှစ်စီးကို ရက္ခိုင့်တပ်တော် (AA) က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီဘက်က ပစ်ခတ်မှုကြောင့် အရပ်သား ၁၁ ဦးနှင့် ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရကြောင်း ဒေသတွင်းသတင်းများတွင် ဖော်ပြသည်။

နိုဝင်ဘာလ ၁၀ ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်ကား မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းအသုံးပြုကာ တိုက်ခိုက်ခြင်း၊ လေကြောင်းဖြင့် တိုက်ခိုက်ခြင်း၊ ကျေးရွာအတွင်း ဝင်ရောက် ပစ်ခတ်မီးရှို့ခြင်းတို့ကို လုပ်ဆောင်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

ထို့ကြောင့် ဆင်အင်းကြီးကျေးရွာ၊ ပဒေသာရွာဟောင်း၊ ပဒေသာရွာသစ်၊ ငှက်ကြီးကျွန်းကျေးရွာတို့မှ ဒေသခံ ထောင်နှင့်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်းလည်း ဖော်ပြသည်။

ယင်းအပြင် စစ်တွေမြို့နယ်ထဲက ကျေးရွာအချို့ကိုလည်း လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်းတို့ဖြင့် ပစ်ခတ်ခဲ့သေးကြောင်း သတင်းများတွင် ဖော်ပြသည်။

ယင်းဖြစ်ရပ်အတွက် ပုဏ္ဏားကျွန်းမြို့အခြေစိုက် ခမရ ၅၅၀ တပ်ရင်းနှင့် ယင်းဖြစ်ရပ်တွင် ပါဝင်ပတ်သက်သူများကို မဖြစ်မနေ အပြင်းထန်ဆုံး လက်စားချေတုံ့ပြန်သွားမည်ဖြစ်ကြောင်း AA က နိုဝင်ဘာလ ၁၁ ရက်က ထုတ်ပြန်ထားသည်။

………………………………..

စာရေးဆရာ အကြည်တော်ကွယ်လွန်

ဟာသဝတ္ထုများဖြင့် စာဖတ်သူများကို ပြုံးပျော်စေခဲ့သူ စာရေးဆရာ အကြည်တော် (ခေါ်) စောကြည်ဖြူသည် ရန်ကုန် ပင်လုံဆေးရုံတွင် အစာရေမျိုပြွန်ကင်ဆာရောဂါဖြင့် အရေးပေါ်ဆေးကုသမှုခံယူနေစဉ် နိုဝင်ဘာလ ၉ ရက် ည ၈နာရီခွဲ ဝန်းကျင်တွင် ကွယ်လွန်သွားသည်။

ထိုင်းတွင် သွားရောက်ဆေးကုသခဲ့ပြီး မြန်မာနိုင်ငံတွင် ပြန်လာပြီးနောက် အောက်တိုဘာလ ၁၃ ရက်တွင် ရှော့ခ်ဖြစ်ကာ ရုတ်တရက်သတိမေ့မျောသဖြင့် ပင်လုံဆေးရုံတွင် အရေးယူဆေးကုသမှုခံယူနေရခြင်းဖြစ်သည်။

အသက် ၅၁နှစ်အရွယ် စာရေးဆရာ အကြည်တော်သည် ဟာသစာပေဖြင့် အလွန်အောင်မြင်ပြီး လူချစ်လူခင်များသူ ဖြစ်သည်။ ၎င်းရေးသားခဲ့ သည့် ကျောက်သင်ပုန်းတွေ မိုးထားတဲ့အိမ်၊ ဇော်က ကနေသည်၊ ဘီလူး အပါအဝင် ဝတ္ထုအများအပြားကို ရုပ်ရှင်၊ ဗီဒီယို ရိုက်ကူးရာတွင်လည်း အလွန်အောင်မြင်ခဲ့သည်။

ကဗျာကို ဂီတသံစဉ်နှင့် ပေါင်းစပ်ကာ ကိုယ်တိုင်ရွတ်ဆိုခဲ့သည့် “ကဗျာဂီတ” အယ်လ်ဘမ်ကိုလည်း မကွယ်လွန်ခင်က ထုတ်ဝေခဲ့သေးသည်။

စာရေးဆရာ အကြည်တော်သည် ၁၉၈၈ ခုနှစ်တွင် ကိုကိုကြီးအမည်ဖြင့် ကလောင်အမည်ဖြင့် စာပေလောကထဲသို့ ဝင်ရောက်ခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် အကြည်တော် ကလောင်အမည်ဖြင့် လုံးချင်းဝတ္ထုများ စတင်ရေးသားခဲ့သည်။

၎င်း၏ နာရေးနောက်ဆုံးခရီးကို နိုဝင်ဘာလ ၁၁ ရက် မွန်းလွဲပိုင်းတွင်ပြုလုပ်ခဲ့ပြီး ရေးဝေးသုသာန်၌ ဂူသွင်းသဂြိုဟ်ခဲ့ သည်။ နောက်ဆုံးခရီးကို စာပေ၊ အနုပညာအသိုင်းအဝိုင်းက မိတ်ဆွေများနှင့် စာဖတ်ပရိသတ်များ လိုက်ပါ ပို့ဆောင်ခဲ့ကြသည်။

………………………………..

ထိုင်းရောက်မြန်မာတစ်ဦး၏ ကိုယ်တွင်းအင်္ဂါများ ပေးလှူခြင်း

ကားတိုက်ခံရပြီးနောက် ဦးနှောက်အလုပ်မလုပ်တော့သည့် မြန်မာအလုပ်သမားတစ်ဦး၏ ကိုယ်တွင်းအင်္ဂါများကို အခြားလူနာများအား အစားထိုးကုသနိုင်ရန် မိသားစုဝင်များက လှူဒါန်းလိုက်သည်။

ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်တွင် တရားဝင် လာရောက်အလုပ်လုပ်ကိုင်နေသည့် အသက် ၄၃ နှစ်အရွယ် မြန်မာ အလုပ်သမား အမျိုးသားတစ်ဦးသည် ကားတိုက်ခံရမှုကြောင့် အပြင်းအထန် ဒဏ်ရာရကာ ဦးနှောက် အလုပ် မလုပ်နိုင်တော့ခြင်းဖြစ်သည်။

ထို့ကြောင့် Chiang Rai Prachanukroh ဆေးရုံဘက်က မြန်မာအလုပ်သမား၏ မိသားစုဝင်များထံသို့ ဆက်သွယ် ကာ မျက်လုံး၊ ကျောက်ကပ် စသည့် ကိုယ်တွင်းအင်္ဂါလှူဒါန်းနိုင်ကြောင်း မေတ္တာရပ်ခံခဲ့သည်။

မိသားစုဘက်ကလည်း မြန်မာအလုပ်သမား၏ နောက်ဆုံးအချိန်တွင် ကောင်းမှုကုသိုလ်ပြုလုပ်ပေးရန်ဆန္ဒရှိရာ အခြားလူနာများအား အစားထိုးကုသနိုင်ရန် ကိုယ်တွင်းအင်္ဂါလှူဒါန်းမှုကို ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

အခြားလူနာများကို အစားထိုးကုသနိုင်ရန် ယင်းသို့လှူဒါန်းပေးသဖြင့် ကျေးဇူးတင်ရှိကြောင်း ထိုင်းနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနနှင့် ဆေးရုံဘက်က ထုတ်ပြန်ခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန အမြဲတန်းအတွင်းဝန် Dr. Opas Karnkawinpong ကလည်း ကျေးဇူးတင်စကားဆိုခဲ့သည်။

………………………………..

ပံသကူကောက်သူများပြား၊ ကားတိုက်ခံရသဖြင့် တစ်ဦးသေဆုံး

ယခုနှစ် တန်ဆောင်မုန်းလပြည့်ညတွင် ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးများတွင် ပံသကူ လိုက်ကောက်ကြသူ အလွန်များပြားခဲ့ပြီး ယင်းသို့ လိုက်ကောက်နေချိန် ရန်ကုန်တွင် ကားတိုက်ခံရသဖြင့် တစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့သည်။

ငွေကြေး၊ အစားအသောက်၊ အဝတ်အထည်၊ အသုံးအဆောင်ပစ္စည်းများ၊ ဖုန်းငွေဖြည့်ကတ် စသည်တို့ကို ပံသကူအလှူအဖြစ် တန်ဆောင်မုန်းလပြည့်ညတွင် နေရာအနှံ့ လှူဒါန်းကြသဖြင့် ပြည်သူအများအပြား လိုက်လံ ကောက်ယူခဲ့ ကြသည်။ ကားပေါ်က ပစ်ချသည့် ပံ့သကူအလှူကို ကားလမ်းမပေါ်အထိ ကောက်ယူကြသည်များလည်း ရှိသည်။ ကားကိုတားပြီး အလှူခံကြသည်လည်း ရှိသည်ဟုဆိုသည်။

ယင်းသို့ကောက်ယူကြရာတွင် ရန်ကုန်တွင် ကားဖြင့် တိုက်မိမှုနှစ်ခုရှိခဲ့သည်။ မင်္ဂလာတောင်ညွန့်မြို့နယ် အထက်ပုစွန်တောင်လမ်းမတွင် ကားဖြင့် အတိုက်ခံရသဖြင့် အမျိုးသမီးတစ်ဦး အပြင်းအထန် ဒဏ်ရာခဲ့ကြောင်း သတင်းအချို့တွင် ဖော်ပြချက်အရ သိရသည်။

ရွှေပြည်သာမြို့နယ်တွင်လည်း ကားတိုက်မှုကြောင့် တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရကြောင်းလည်း ပြည်တွင်း သတင်းအချို့တွင် ဖော်ပြသည်။

………………………………..