မြိတ်ရာသီပေါ် ဓနိရည်ချိုထုတ်ယူသူ နည်းလာ

0
4613
ဓာတ်ပုံ - FB

မြိတ်မြို့တွင် ဆောင်းရာသီ၏ ရာသီပေါ်အစားအသောက်တစ်ခုဖြစ်သည့် ‌ဓနိရည်ချို ထုတ်ယူသူ နည်းပါးလာနေ ကြောင်း ဓနိလုပ်ငန်းလုပ်ကိုင်သူအချို့ထံမှ သိရသည်။

ပြီးခဲ့သည့် သုံးနှစ်ဝန်းကျင်မှစပြီး ဓနိရည်ချို ထုတ်ယူသူ တဖြေးဖြေးနည်းပါးလာနေပြီး လုပ်ကိုင်သူ သုံးပုံတစ်ပုံခန့်သာ ကျန်တော့ကြောင်း မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာနေသူအချို့က ပြောသည်။

“ဓနိရည်ချိုရော ဓနိပျားပါလုပ်တဲ့သူရော သိပ်မရှိတော့ဘူး” ဟု စန္ဒဝတ်ကျေးရွာနေ အမျိုးသားတစ်ဦးက ဆိုသည်။

ဓနိတောများအား ရှင်းလင်းပြီး မြေယာကွက်များ ဖော်ထုတ်ရောင်းချနေကြခြင်း၊ ငွေကြေးတတ်နိုင်သူအချို့က ဓနိတောများအား ဝယ်ယူကာ ပစ်ထားခြင်း စသည်တို့ကြောင့် ဓနိရည်ချို ထုတ်ယူသူနည်းပါးလာရခြင်းဖြစ်ကြောင်း ဓနိလုပ်ငန်းလုပ်ကိုင်သူအချို့က ပြောဆိုသည်။

“တစ်နှစ်တစ်နှစ် မြင်နေရတဲ့ ဓနိတောတွေ တအားနည်းလာပြီ။ ကိုယ့်ဓနိ‌တောက ဘိုးဘွားအမွေဆိုတော့ မရောင်း ရက်ဘူး။ ဒါလေးနဲ့ပဲ ဝမ်းစာရှာနေရတာ” ဟု ရှမ်းချောင်းရပ်ရှိ ဓနိတောမြေ ဆယ်ဧကကျော် ပိုင်ဆိုင်သူတစ်ဦးက ပြောသည်။

မြိတ်တွင် ဓနိရည်ချိုအား ကောင်းညှင်းပေါင်းနှင့် တွဲပြီး ရာသီအစားအစာတစ်ခုအဖြစ် စားသောက်လေ့ရှိပြီး ရာသီပေါ် ဝင်ငွေရလုပ်ငန်းတစ်ခုလည်းဖြစ်သည်။

ယင်းကဲ့သို့ ဓနိရည်ချိုပြုလုပ်သူနည်းပါးလာသဖြင့် ဓနိရေချိုဈေးတက်လာကြောင်း ယင်းလုပ်ငန်းလုပ်ကိုင်သူတို့ထံမှ သိရသည်။

ပြီးခဲ့သည့်နှစ်က ဓနိရည်ချို တစ်လီတာတစ်ဗူးလျှင် ၁၂၀၀ ကျပ်၊ ကြယ်စစ်ရည် (ညဦးဘက်ရသည့်အရည်) တစ်ဗူး လျှင် ၂၀၀၀ ကျပ်ရှိခဲ့ရာ ယခုနှစ်တွင် တစ်လီတာလျှင် ၁၅၀၀ ကျပ်၊ ကြယ်စစ်ရည်တစ်ဗူးလျှင် ၂၅၀၀ ကျပ်ဖြစ်လာ ကြောင်း ၎င်းတို့ထံမှ သိရသည်။

ဓနိရည်ချိုအား ဓနိပင်ရှိ ဓနိသီးအခိုင်အား အချိန်တစ်လနီးပါး ထုကျောက်ပြီးမှ (ခြေဖြင့်ကန်ခြင်း၊ မာကျောသည့် အရာတစ်ခုခုဖြင့်ထုခြင်း) အခိုင်အား ဖြတ်တောက်ပြီး ကျန်ရစ်သည့်အညှာတံအား ဓါးဖြင့်ပါးပါးလှီးကာ ကျလာသည့် အရည်အား ရေသန့်ဗူး၊ ဝါးကျည်တောက် စသဖြင့်တို့ဖြင့် ခံယူရသည်။

ဓနိပင်မှ ဓနိရည်ချိုအပြင်၊ ဓနိရည် (ယာမကာအရည်) ၊ ပအုန်းရည် (အချဉ်ရည်) ၊ ဓနိပျား (သကြား) တို့အား ထုတ်ယူလေ့ရှိကြသည်။