အမှောင်ထဲမှ မင်းသားများ (၁၉၇၀)

0
540

အခန်း(၁၅)

တောင်ဥက္ကလာပ မြို့သစ်။

စေတီတစ်ဆူရှိသော ခြံတစ်ခြံရှေ့တွင် ကားကို ထိုးရပ်လိုက်သည်။

ခြံဝတွင် အဖြူရောင်အင်္ကျီနှင့်အဖြူရောင်ပုဆိုးကို ဝတ်ထားသော လူနှစ်ဦးစောင့်နေ၏။

“အဘ နဲ့ ချိန်းထားတာများရှိသလား..နာမည်လေးတစ်ချက်ပြောပါ”

“ထွန်းရင်လို့ ပြောလိုက်ပါ”

အဝတ်ဖြူနှင့် လူတစ်ဦး က ခြံထဲသို့ ဝင်သွားသည်။ ခဏအကြာတွင် ပြန်ထွက်လာ၏။

“ဝင်ခဲ့ပါ”

“မင်းတို့နှစ်ကောင်လာ”

ထွန်းရင်၊ စံဘ ၊ ကြေးမုံနှင့် ဧရာ တို့ ခြံထဲသို့ ဝင်ကြသည်။

ခြံထဲရှိ နှစ်ထပ်အိမ်ရှေ့ကွပ်ပျစ်တွင် အဝတ်ဖြူဝတ်ထားသော အမျိုးသမီးအချို့က ဟင်းသီးဟင်းရွက်များကို လှီးချွတ်နေကြ၏။

အိမ်လှေကားအတက်အဆင်းတွင် ယောဂီဝတ်ဖြင့် အမျိုးသားနှစ်ဦး။

သူတို့လေးဦး၏ ခန္ဓာကိုယ်များကိုစေ့စေ့စပ်စပ်ရှာဖွေရန်ပြင်ကြသည်။

“ရှာမနေပါနဲ့..အဲ့ဒါ ကျုပ်မိတ်ဆွေဟောင်းတွေပါ..ကိုခင်မောင်”

အိမ်ပေါ်ထပ်မှ အသံတစ်ခု ထွက်လာ၏။

အိမ်ရှေ့ခန်းတွင် ကြီးမားလှပသော ဘုရားစင်ကြီးက ဆီးကြိုနေသည်။

ဘုရားစင်ရှေ့တွင် သစ်သီးပွဲများ၊ ဆွမ်းဟင်းများ ကျကျနနကပ်ထားသည်ကိုတွေ့ရသည်။

ဘုရားစင်ရှေ့ ပက်လက်ကုလားထိုင်တွင် အသက်(၆၀)ခန့်ရှိ ဥပဓိရုပ်ကောင်းကောင်းဖြင့် လူကြီးတစ်ဦး ထိုင်နေသည်။

ယောဂီရောင်ခေါင်းပေါင်းကို ပေါင်းထား၏။

“ကဲ..ထိုင်ကြ..ထိုင်ကြ…မမြနှစ်ရေ……ရေခဲသေတ္တာထဲက.ဘိလပ်ရည်လေးပုလင်းလောက် ဖောက်ပြီး ဧည့်သည်တွေဖို့ ယူခဲ့ပါကွယ်”

ထွန်းရင်တို့ လေးဦးက ကြမ်းပြင်ပေါ်တွင်ပင် ထိုင်ချလိုက်သည်။

“ကျွန်တော်ပြောတာ သူပဲ..သူ့ကို သေချာကြည့်စမ်းပါ..ဘယ်သူနဲ့တူသလဲလို့”

ဆရာသိန်းဆိုသူက မျက်မှောင်ကို ကြုံ့ပြီး သေချာကြည့်သည်။

“ဧရာ…မင်းရှေ့တိုးပေးလိုက်”

ဧရာက ရှေ့သို့ တိုးထွက်လာသည်။

ကြေးမုံရော ဧရာပါ အခြေအနေကို နားမလည်နိုင်စွာ အကဲခတ်နေကြသည်။

“ဘဘနားကို လာစမျး..ငါ့သား”

ထွန်းရင်က ဧရာ၏ ကျောကုန်းကို ပုတ်သည်။

ဧရာက ရှေ့သို့ တိုးသွား၏။

“အင်း..လှမောင်ရဲ့ မေးရိုးတွေ…မနှင်းရဲ့ မျက်လုံးတွေပါလား…”

အဘိုးအို၏ မျက်လုံးမှ မျက်ရည်များ ဝေ့သီလာသည်။

“ငါ့မြေး..မင်းဘဘကို မှတ်မိလား”

ဧရာက ခေါင်းခါသည်။

“အေးလေ…မင်က သိပ်ငယ်သေးတာကိုး…မင်းနဲ့ မင်းအမေက စစ်မဖြစ်ခင်ကတည်းက ငါတို့နဲ့အတူနေလာတာ..အင်း..မြကြည်သာ မင်းကိုတွေ့ရင် ဘယ်လောက်ဝမ်းသာလိုက်မလဲ”

အဘိုးအိုက သူ့တိုက်ပုံအင်္ကျီလက်ဖြင့် မျက်ရည်မျာကို သုတ်လိုက်သည်။

“ဒီလောက်နှစ်တွေအကြာကြီး မင်းတို့သားအမိ ဘယ်ပျောက်နေကြတာလဲကွာ”

“သူငယ်ငယ်ကတည်းက ကြံတောသင်္ချိုင်းမှာ ကြီးလာတာပါ။ အဲ့ဒီက ကျွန်တော့်လူတွေကို မေးကြည့်တော့.. အနှင်း က ဦးလေးတို့ ဓါးပြမှုမှာ ထောင်ကျပြီး ထောင်ကထွက်လာတဲ့အချိန် ကြံတောကို ရောက်လာတာလို့ ပြောကြတယ်”

“မနှင်း ထောင်ကျတာ ငါတို့အမှုနဲ့တော့ မဟုတ်ဘူးကွ…. ငါထောင်ကျသွားတော့ မမြကြည်နဲ့သူ အတူနေကြသေးတယ်..မြကြည်နေမကောင်းဖြစ်နေချိန် ငွေလို တယ်ဆိုပြီး သူ ရွှေဂုံတိုင်ဘက်မှာ သူနဲ့ ဝင်းမောင် ခေါင်းဆောင်ပြီး အနုကြမ်းဝင်စီးဖို့ကြိုးစားတယ်…သူတို့မအောင်မြင်လိုက်ဘူး…အဖမ်းခံရတယ်..မနှင်း ထောင်တစ်နှစ်ကျတယ်…ဧရာလေးကိုကမစိန်ရီတို့ကမွေးထားပေးခဲ့တယ်… ငါထောင်က မလွတ်ခင်မှာ အနှင်းလွတ်သွားတယ်..ဧရာလေးကို ခေါ်ပြီး ရှိန်းမကားပြန်မယ်ဆိုပြီး ထွက်သွားတာပဲ..တကယ်က ကြံတောမှာတဲ့လား”

“သူဘာကြောင့် ထွက်သွားတာလဲ..ကျွန်တော်လည်း သူ့ကို လိုက်ရှာခဲ့သေးတယ်”

“ငါ့ကြောင့် လှမောင်ရော…ခါလေးပါ သေနတ်မှန်သေသွားရတာကို စိတ်နာတယ်..ထင်ပါရဲ့ကွာ..ဒါနဲ့ သူကရော”

“သူက ကြေးမုံတဲ့….ဧရာ့သူငယ်ချင်းပါ…ဒီကောင်တွေ..ရန်ကုန်က နာမည်ကြီးလူမိုက်တစ်ယောက်ကို သတ်လိုက်မိတယ်…အဲ့ဒါ သူတို့ကို ကျွန်တော်တို့ ကယ်ထားလိုက်တာ”

အဘိုးအိုက ပြုံးလိုက်သည်။

“အင်း..လှမောင်နဲ့ အနှင်းသားပဲ..ဒီလောက်တော့ ရှိမှာပေါ့ကွာ”

ဧရာက စိတ်ရှုပ်ထွေးလာဟန်ဖြင့် ခေါင်းကို ကုတ်လိုက်သည်။

“အခုဘာတွေဖြစ်နေတယ်ဆိုတာ ကျွန်တော့်ကို ရှင်းပြကြပါဦး”

ဧရာကထွန်းရင်ကို ပြောလိုက်သည်။

“ခင်ဗျားပဲ ရှင်းပြလိုက်ပါဗျာ”

“ငါ့မြေး…မင်းအဖေ လှမောင် ဟာ ငါ့တပည့်အရင်းခေါက်ခေါက်ပဲ… မင်းအမေကို သွားတောင်းတော့ ငါပဲ လိုက်တောင်းပေးခဲ့ရတာပေါ့ကွာ…မင်းအဖေဆုံးပြီး မင်းတို့သားအမိ က ပုဇွန်တောင်က ငါ့အိမ်မှာ နေခဲ့ကြတာပဲ.. မင်းမမှတ်မိလို့ပါ”

“ဦးလေးနာမည်က ဘယ်သူလဲ”

“ငါ့နာမည်က ဆရာသိန်း…ရတနာပုံဆရာသိန်းလို့လည်းခေါ်တယ်.. လောလောဆယ်တော့ တိုင်းရင်းဆေးဆရာ၊ ဗေဒင်ယတြာအစီအရင်တွေလည်း လုပ်ပေးတယ်ပေါ့ကွာ”

“ဒါဆို ကျွန်တော့်အဖေနဲ့အမေကလည်း ဆေးဆရာတွေလား”

ထွန်းရင်ရော စံဘပါ ပြုံးလိုက်၏။

“မဟုတ်ဘူး..မင်းအဖေရော..အမေက ဓါးပြတွေ”

“ဘာဗျ”

“အေး..ငါ့နာမည်ကလည်း စိန်ဓါးမြှောင်တဲ့ကွ…..ကဲ…မြနှစ်ရေ…..အခန်းထဲက ဆရာကြီးသိမ်းထားတဲ့ သတင်းစာတွေ ထုတ်ထားလိုက်ပါ..ပြီးရင် ဒီကလေးကို ပေးဖတ်ရအောင်”

“ဟုတ်ကဲ့..ဆရာကြီး”

“ကဲ..အခု လာရင်းကိစ္စကို ပြောတော့..ထွန်းရင်”

“လာရင်းကိစ္စကတော့ အခု ဒီကောင်တွေမှာ အသက်အန္တရာယ်ရှိနေပြီ..ဆရာသိန်း…ပန်းဆိုးတန်းမှာ ကျွန်တော်တို့နဲ့အလုပ်အတူတွဲလုပ်နေတဲ့ လူမိုက်ကျော်ဝင်းကြီးဆိုတာရှိတယ်…သူက…”

ထွန်းရင်က အခြေအနေကို အတိုချုပ်ရှင်းပြလိုက်သည်။

“အဲ့ဒီတော့…ထောက်လှမ်းရေးမျက်မှန်ကြီးကလည်း ဒီကလေးတွေကို လိုက်သတ်တော့မယ်ပေါ့”

“ဟုတ်ပါတယ်…ထောက်လှမ်းရေးကပါ လုပ်ပြီဆိုရင်တော့ ကျွန်တော်တို့လည်း ဘာမှ မတတ်နိုင်လို့ပါ..အဲ့ဒါကြောင့်..ဆရာသိန်းဆီကိုလာရတာ”

စိန်ဓါးမြှောင် ခေါ် ဆရာသိန်းက သူ့ရှေ့ကွမ်းအစ်ထဲမှ ကွမ်းရွက်တစ်ရွက်ကို ယူကာ ထုံးသုတ်ယာလိုက်သည်။

ထို့နောက် ပါးချောင်ထဲ ထိုးထည့်ပြီး မျက်လုံးကို စုံမှိတ်ထားလိုက်၏။

“အခု မင်းတို့က ဘယ်လို လုပ်ချင်လဲ”

“ကလေးတွေ အသက်ကို ကယ်ပေးပါ…ခင်ဗျား ကယ်ပေးနိုင်ပါတယ်”

ထိုအချိန်တွင် မြနှစ်ဆိုသော အမျိုးသမီးက သတင်းစာအထပ်ကြီးကို ကိုင်ကာ လာချပေး၏။

“မြနှစ်….ကစ်တီ ဆီကို ဖုန်းဆက်ပေးစမ်း….ညနေ ဒီအိမ်မှာ ထမင်းစားဖို့ ဆရာကြီးက ဖိတ်ပါတယ်လို့”

“ဟုတ်ကဲ့..ဆရာကြီး”

ထွန်းရင်က မြနှစ် ဆိုသော အမျိုးသမီးကို သေချာစိုက်ကြည့်လိုက်သည်။ မြနှစ်က လည်း ထွန်းရင်ကို ပြန်ကြည့်၏။

မြနှစ် ပြန်ထွက်သွားပြီးနောက်။

“ဆရာသိန်း…ဒါ…ဟိုးတုန်းက ရေနံချောင်းက ထမင်းဆိုင်မှာ ရိုင်ဖယ်သေနတ်နဲ့..ကုန်ကားမောင်းတဲ့တစ်ယောက် မဟုတ်လား”

စိန်ဓါးမြှောင်က ကွမ်းဝါးနေရင်းမှ ကွမ်းတံတွေးကို ထွေးခံထဲ ထွေးလိုက်ပြီး ပြုံးသည်။

“မင်းက မှတ်မိသားပဲ..ထွန်းရင်..ဟုတ်တယ်..သူက ငါ့တပည့် ဝါဆိုဝါပို တို့ရဲ့ ညီမ မြနှစ်ပဲ…လှေကားခြေရင်းမှာ မင်းတို့တွေ့ခဲ့တဲ့ထဲက တစ်ယောက်က ဝါဆိုပဲ..ဝါပိုကတော့ သေနတ်မှန်ပြီးဆုံးတာ ကြာပြီ”

“ဆရာသိန်း..ခင်ဗျားရဲ့ အင်ပါယာက မပြိုကွဲသေးပဲကိုးဗျ”

စံဘက ဝင်ပြောသည်။

“ငါ အရင်အလုပ်တွေ မလုပ်တော့ဘူး..စံဘ…မင်း မိန်းမ ချောရင် နဲ့ မင်းတို့သူငယ်ချင်းစစ်ဗိုလ် အဖြစ်ကို ငါသိပြီးကတည်းက စိတ်လည်းမကောင်းပါဘူး”

စံဘက အံကို ကြိတ်ထားလိုက်သည်။

“ဟုတ်တယ်..ဆရာသိန်း..ကျွန်တော်ခုန တစ်ခုပြောဖို့ကျန်သွားတာက. ကျွန်တော့်ညီမချောရင် နဲ့ မောင်မောင်ကို သတ်တဲ့ 14K အဖွဲ့က အလိန်ကို ဟော့ဒီက ကြေးမုံနဲ့ ဧရာကပဲ လက်စတုံးလိုက်တာ”

ထွန်းရင်က ဝင်ပြောသည်။

စိန်ဓါးမြှောင်က ထွန်းရင်ကို မျက်ခုံးပင့်ကြည့်လိုက်သည်။

“ချောရင်တို့ကို ဘယ်သူသတ်တာ”

“14K က သတ်လိုက်တာလေ”

“မင်းတို့ကို ဘယ်သူပြောလဲ”

“ထောက်လှမ်းရေးက မျက်မှန်ကြီးကိုယ်တိုင် အတည်ပြုပေးခဲ့တာ..အလောင်းတော့ ကျွန်တော်တို့ ပြန်မရလိုက်ပါဘူး”

စိန်ဓါးမြှောင်က သက်ပြင်းချပြီး ခေါင်းကိုခါလိုက်သည်။

“ကဲ..ထားပါလေ….အခု ဒီကလေးတွေ ကိစ္စကို ငါတာဝန်ယူပါတယ်…လှမောင်နဲ့ အနှင်းတို့တုန်းက သူတို့ ငါ့အပေါ် သစ္စာရှိခဲ့ကြသလောက် ငါသူတို့အပေါ် တာဝန်မကျေခဲ့ဘူး…သူတို့ ကလေးကိုတော့ ငါတာဝန်ကျေရတော့မှာပေါ့.. လောလောဆယ် ဒီကလေးတွေအတွက် အလုံခြုံဆုံးက ငါ့ဆီမှာ ဖြစ်လိမ့်မယ်…ငါ့ဆီမှာ ခဏထားခဲ့လိုက်ပါ”

“ဟုတ်ကဲ့..ဆရာသိန်းတာဝန်ယူတယ်ဆိုကျုပ်တို့ စိတ်ချပါတယ်..ကဲ..မင်းတို့နှစ်ယောက် ဒီအိမ်မှာ ခဏအောင်းနေလိုက်”

စံဘနှင့် ထွန်းရင်က ထပြန်ရန် ပြင်လိုက်သည်။

“စံဘ၊ထွန်းရင် မင်းတို့ကအခု မျက်မှန်ကြီးနဲ့ အလုပ်လုပ်နေကြတာလား”

“ခုန ပြောပြပြီးပြီလေ”

“အေး..နောက်ရက်မှ မင်းတို့နဲ့ ငါ ပြောစရာတွေရှိသေးတယ်..အခုတော့ ပြန်တော့”

စံဘနှင့် ထွန်းရင်တို့ ပြန်သွားကြ၏။

“မင်းတို့ မသေချင်သေးဘူး..မဟုတ်လား”

ယောင်ပေပေဖြင့် ကျန်ရစ်သော ကြေးမုံနှင့် ဧရာကို စိန်ဓါးမြှောင်က မေးလိုက်သည်။

“သေတာတော့ ဘယ်သေချင်မလဲ..အဘရာ..အဘရော မသေချင်ဘူးမဟုတ်လား”

ကြေးမုံက ပြန်ခံပြောသည်။

“အေး…မသေချင်ရင် ညနေ မင်းတို့နှစ်ယောက် စားပွဲထိုးရမယ်”

“ဘာဗျ”

“အေး..သေမှာကြောက်ရင်..စားပွဲထိုးရမှာ ကြောက်မနေနဲ့”

………………………………..

ညနေ (၅)နာရီ။

စိန်ဓါးမြှောင် ခေါ် ဆရာသိန်း၏ အိမ်ရှေ့သို့ ကားနှစ်စီး ထိုးဆိုက်လာသည်။

ရှေ့ကားမှ စစ်ယူနီဖောင်းဖြင့် အရာရှိတစ်ယောက်ဆင်းလာပြီး ခါးကို အညွှတ်ဆုံးကိုင်းလျက် အနောက်ဖက်ရှိ အနက်ရောင် မာစီဒီးကားတံခါးကို သွားဖွင့်ပေးသည်။

ကားပေါ်မှ အဖြူရောင်ဘလောက်စ်အင်္ကျီ၊နီညိုရောင်ထမီဖြင့် အမျိုးသမီးတစ်ဦးဆင်းလာသည်။

“ရပ်ကွက်ထဲမှာဆိုတော့ ကားတွေကြာကြာရပ်ထားလို့ မကောင်းပါဘူး..ညနေ ၆ နာရီလောက်မှ လာပြန်ကြိုတော့..”

“ဟုတ်ကဲ့ပါ…မမ”

စစ်အရာရှိက အမျိုးသမီးကို အလေးပြုလျက် ကားပေါ်သို့ ပြန်တက်ကာ မောင်းထွက်သွား၏။

အမျိုးသမီးကို အိမ်ဝတွင် စောင့်နေသော အဝတ်ဖြူနှင့်လူများက အိမ်အပေါ်ထပ်သို့ ခေါ်သွားကြသည်။

အပေါ်ထပ်တွင် ဆရာသိန်းက ပက်လက်ကုလားထိုင်ဖြင့် ထိုင်နေ၏။

သူ့ရှေ့တွင် ထမင်းစားပွဲကြီးတစ်ခုကို ခင်းထားသည်။

“ဆရာကြီး..ထမင်းစားဖိတ်တယ်ဆိုလို့…ဆိုဗီယက်သံအမတ်ကြီးကတော်ရဲ့ တီးပါတီကိုတောင် ဖျက်ပြီး လာခဲ့ရတယ်”

ဆရာသိန်းက ခေါင်းညိတ်ပြီး ပြုံးလိုက်သည်။

“ဟိုရက်က ကျုပ်ဖော်ပေးလိုက်တဲ့ ဆေးတွေရော မှန်မှန်သောက်ရဲ့လား..ကစ်တီ”

“ဟုတ်..‌သောက်ပါတယ်..ဆရာကြီး..သက်လည်း သက်သာပါတယ်”

“အင်း.ကစ်တီ.မျက်နှာအခြေအနေကြည့်ရတာတော့..အခြေအနေသက်သာပါတယ်..ကဲ.ထမင်းစားကြမလား..ကျုပ်လည်း ဗိုက်ဆာပြီမို့…ကောင်လေးတွေ..ကစ်တီအတွက် ဇွန်းနဲ့ ခါရင်းလုပ်ပါဦးဟေ့”

“ရတယ်..ဆရာကြီး..ကျွန်မ လက်နဲ့ပဲစားမယ်…ဗမာဆန်ဆန်စားပွဲဝိုင်းမှာ ထိုင်စားတာပဲ..လက်နဲ့ပဲကောင်းပါတယ်”

“ဒါဆိုလည်း ဟိုမှာ လက်ဆေးရည်ပန်းကန်.စားကြစို့”

ဆရာသိန်းက ထမင်းစားပွဲတွင်ထိုင်လိုက်သည်။

“ကဲ..ဧရာနဲ့ ကြေးမုံ ဟင်းတွေ ကျက်ရင် ချတော့ဟေ့”

မီးဖိုချောင်ထဲမှ ဧရာနှင့် ကြေးမုံက ဟင်းပန်းကန်များ ကိုင်ကာ ထွက်လာပြီး စားပွဲပေါ် ချပေးလိုက်သည်။

“ဟော့ဒါက ပုဇွန်ကို ပဲလွန်းနဲ့ ချက်ထားတာ……ဟိုဟာက ကျောက်ဖရုံသီးဟင်းချိုလေး.. ကစ်တီ ကျောက်ကပ်ရောဂါနဲ့ တည့်တယ်”

“မြနှစ်ရော…တစ်ခါတည်း ဝင်စားလေ”

“ဟုတ်ကဲ့..မမကစ်တီ”

မြနှစ်ပါ တဝိုင်းတည်း ဝင်စား၏။

“ကောင်လေးတွေ..ပြီးရင် မင်းတို့ အန်တီအချိုတည်းဖို့ ယိုကလေး ယူခဲ့ကြပါဦး”

ဧရာက ဆရာသိန်းမှာထားသည့်အတိုင်း ယိုပန်းကန်ကို ယူလာသည်။

“ဒါက ကျားလျှာပင်ရဲ့ အူတိုင်ကို စမုန်မျိုငါးပါးနဲ့ ရော..မန်ကျည်းသီးမှည့်၊ ထန်းလျက်နဲ့ ရောကြိုပြီး ယိုထိုးပေးထားတာ….ကစ်တီရောဂါအတွက်ပဲ”

“ဆရာကြီးရယ်…ဆရာကြီးဆေးတွေနဲ့တင် သက်သာပါတယ်..ကစ်တီအတွက်ချည်း အကုန်လုပ်ထားတာပါလား”

“ဆေးသောက်တာလည်း သောက်ပေါ့….တခါတလေလည်း ဓာတ်စာနဲ့လည်း ကုသင့်တာမျိုးရှိတယ်…”

“ဟုတ်ကဲ့ပါ..ဆရာကြီး”

“ဒါနဲ့…ဗိုလ်ချုပ်ကြီးရော နေကောင်းရဲ့လား..ကစ်တီ”

“ကောင်းပါတယ်..ဒါပေမယ့် အခုတလော နိုင်ငံရေးကိစ္စတွေကလည်း ရှုပ်နေတော့ စစ်ရုံးနဲ့ အိမ်တော် ကူးချည်သန်းချည်ပါပဲ..ကစ်တီနဲ့တောင် ညဘက်ပဲ တွေ့ဖြစ်တယ်”

“ဧရာနဲ့ကြေးမုံရေ..မင်းတို့ အန်တီအတွက် ယိုလေးတွေ အိမ်ကို ထည့်ပေးဖို့ လုပ်ကြပါဦး..ကစ်တီလူကြီးကိုလည်း ကျွေးလိုက်ပါ..သူက အပူဆေးဆိုတော့ စားပြီးရင်တော့ ရေဝဝချိုးပေးမှရမယ်”

ဧရာက ယိုဗူးကလေး လာပေးသည်။

ကစ်တီဆိုသည့်အမျိုးသမီးက ဧရာကို အကဲခတ်၏။

“သူတို့လေးတွေ နာမည်က အဆန်းပါလား..ဧရာ တဲ့..ကြေးမုံတဲ့..ကစ်တီသမီးနဲ့တောင် နာမည်တူနေသေးတယ်..အရင်က မတွေ့မိပါဘူး”

“အင်း…ကျုပ်မြေးလေးတွေပါ…အခုတော့ အသက်အန္တရာယ်ရှိလို့ ကျုပ် ကာကွယ်ပေးထားရတယ်..ကစ်တီရေ”

“ရှင်..ဒီလောက်ငယ်ငယ်ရွယ်ရွယ်လေးတွေ..ဘယ်လိုများဖြစ်ရတာလဲ..ဆရာကြီးရယ်”

“သူတို့လေးတွေက မိဘမဲ့တွေပါ… အဲ့ဒါကို ပန်းဆိုးတန်းကလူမိုက်ကြီးတွေက ဖျားယောင်းပြီး ခိုင်းစားကြတယ်.. အခုလည်း ပန်းဆိုးတန်းက လူမိုက်တစ်ယောက်အသတ်ခံရတာကို ဒီကလေးတွေ သတ်ပါတယ်ဆိုပြီး မတရားဝိုင်းထိုးချကြလို့…ရဲနဲ့ထောက်လှမ်းရေးက လိုက်ဖမ်းနေကြတာလေ”

အမျိုးသမီးက ကြေးမုံနှင့် ဧရာတို့ကို သေချာကြည့်သည်။

“အင်း….ကစ်တီ သားနဲ့ ရွယ်တူလောက်ပါပဲလား.. ကစ်တီ ဘာများ ကူညီနိုင်မလဲ..ဆရာကြီး”

“သူတို့ကို လူသတ်မှုနဲ့စွတ်စွဲထားတာပယ်ဖျက်ပေးစေချင်တယ်..ကစ်တီ…အခုက ထောက်လှမ်းရေးက ကိုင်နေတာဆိုတော့ ဗိုလ်ချုပ်ကြီးကို ပြောပေးရင်တော့ ကလေးတွေ ဘေးကင်းမှာပါ”

“ရပါတယ်..သူ့အဆင့်မလိုပါဘူး…ကစ်တီ ကိုယ်ရေးအရာရှိကနေတဆင့် မျက်မှန်ကြီးကို ဖုန်းဆက်ခိုင်းလိုက်မယ်.. နောက်နောင် ဒီကလေးတွေကို စောင့်ရှောက်ဖို့လည်း ကျွန်မ မှာလိုက်မယ်. ဆရာကြီးကျေးဇူးတွေက ကစ်တီတို့ လင်မယားနှစ်ယောက်လုံးပေါ်ရှိနေတာပဲ..ဆရာကြီးမြေးတွေ ဆိုတာ ကစ်တီတူတွေပဲပေါ့..”

“ဒါနဲ့ ခုန ကစ်တီပြောတဲ့အထဲ ဗိုလ်ချုပ်ကြီးက နိုင်ငံရေးကိစ္စတွေနဲ့ ရှုပ်နေတယ်ဆို..ဘာတွေများလဲ..ကျုပ် ကူညီနိုင်တဲ့ဘက်ကရှိရင်လည်းပြောပါ”

“ရှိပြီလားဆရာကြီးရယ်..ပြီးခဲ့တဲ့ရက်ကပဲ သခင်နုက ဘုရားဖူးထွက်မယ်ဆိုပြီး အိန္ဒိယကို ထွက်သွားတယ်။ ဟိုမှာ ဦးလောရုံတို့နဲ့ပေါင်းပြီး ပါလီမန်ဒီမိုကရေစီပါတီဆိုတာဖွဲ့တယ်တဲ့…သူတို့လက်နက်ကိုင်တော်လှန်ကြတော့မယ်”

“သခင်နု ဟာ တော်ရုံလူတော့မဟုတ်ဘူး….စနေသား…စနေရဲ့ အမြစ်က သောကြာနံသင့် ၊ အညွန့်က တနင်္ဂနွေနံသင့်ဆိုတော့….ကသစ်ပင်၊ အုန်းပင်၊ စနေရဲ့ မူလမွေးနံ ထန်းပင်၊ ထိန်ပင်..အဲ့ဒီသုံးမျိုးကို နာမ်နှိမ်သတ်ရမယ်..စနေနေ့မှာ ကိုယ်ကျရှုံးစေလိုတဲ့ စနေသားကို..စိတ်ထဲက လေးလေးနက်နက်ရည်စူးပြီး အဲ့ဒီအပင်သုံးမျိုးကို ကိုယ်တိုင်သတ်ရမယ်”

“ပြန်ပြောပါဦး….ဆရာကြီး”

“မြနှစ်ရေ..စာရွက်နဲ့ ဖောင်တိန်ယူခဲ့ပါကွယ်…ကျုပ် အသေးစိတ်ရေးပေးလိုက်မယ်”

ဆရာသိန်းက အင်္ဂါဝိဇ္ဇာဓာတ်ရိုက်ဓာတ်ဆင်နည်းအား စာရေးပေးပြီးလိုက်သည်။

ခဏအကြာတွင် အိမ်ရှေ့မှ ကားများ ထိုးဆိုက်လာသံကို ကြားရ၏။

“ဒါဆို ကစ်တီ ပြန်ပါဦးမယ်..ထမင်းလည်း စားလို့ကောင်းပါတယ်..ဆရာကြီး..ဆရာကြီး မြေးတွေ ကိစ္စလည်း မနက်ဖြန်အဆင်ပြေစေရပါ့မယ်”

အမျိုးသမီးက ဆရာသိန်း ရှေ့သို့ စာအိတ်လေးတစ်အိတ် ထိုးပေးကာ လက်အုပ်ချီလိုက်သည်။

ထို့နောက် အိမ်အောက်သို့ ပြန်ဆင်းသွားလေတော့သည်။

………………………………..

ထမင်းစားပြီးသည့်နောက် ဆရာသိန်းက ပက်လက်ကုလားထိုင်တွင် ပြန်ထိုင်နေသည်။

ကြေးမုံနှင့် ဧရာ ကို ခေါ်လိုက်၏။

“ကဲ..မင်းတို့ ကိစ္စ ငါရှင်းပေးပြီးပြီ….. မနက်ဖြန်ဆို မင်းတို့ ဟာ အရင်နဲ့ မတူတော့ဘူးကွ..မင်းတို့ ရဲ့ နောက်ခံဟာ လုံးဝပြောင်းလဲသွားပြီမှတ်”

“ခုန မိန်းမက ဘယ်သူလဲ….အဘ”

“အဲ့ဒါ နံပါတ်ဝမ်းကြီးကတော်ပဲ”

“နံပါတ်ဝမ်းကြီး ဆိုတာက ဘာကြီးလဲ”

ကြေးမုံ၏ အမေးကြောင့် မြနှစ်က ထရယ်သည်။

“လက်ရှိ မြန်မာနိုင်ငံမှာ ရာထူးအကြီးဆုံးကို ပြောတာကွ”

“ဒါဆို…သူက..သူက”

“အေး…..မင်းတို့နှစ်ယောက်မှာ ဆက်လုပ်စရာတွေအများကြီးရှိသေးတယ်ဆိုတဲ့သဘောပေါ့..ဒါပေမယ့် မင်းတို့ကို ငါသေချာမှာမယ်..ဘယ်တော့မှ နိုင်ငံရေးသမားတွေကိုမယုံနဲ့..အသုံးချမခံနဲ့…နိုင်ငံရေးသမားထက် လက်နက်ကိုင်ထားတဲ့ အာဏာရှင် တွေကို ပိုမယုံနဲ့…သူတို့ကိုပဲ အသုံးချမခံနဲ့. သူတို့ဟာ အာဏာအတွက်ဆို ဂုဏ်သိက္ခာဆိုတာ မရှိဘူး…ဘာမဆိုလုပ်ရဲကြတယ်..”

“အဘကျတော့ ခုန သူတို့ကို ဓာတ်ရိုက်ဓာတ်ဆင်တောင် လုပ်ပေးလိုက်ပြီးတော့”

“အဲ့ဒါက မင်းတို့ကိစ္စအတွက် ငါလုပ်ပေးလိုက်တာပဲ…သူတို့ ဘယ်လောက် ဓာတ်ဆင်ဆင်..သစ္စာသမာဓိနဲ့ အကျင့်စာရိတ္တ မရှိတဲ့သူဟာ အချိန်ကာလတစ်ခုရောက်ရင် ကျရှုံးရတာပါပဲကွာ..ကဲ..ဟေ့..မနက်ဖြန် မနက်ကျ မင်းတို့သတင်းကောင်းကို စောင့်ကြပေရော့..”

ခက်ဇော်

အမှောင်ထဲမှ မင်းသားများ အခန်း ( ၁၆ ) >>>>>

အမှောင်ထဲမှ မင်းသားများ (၁၉၇၀) တင်ပြီးသည့် အပိုင်းများ >>>>>