ပုလော မင်းထိန်ရွာအနီးတွင် စစ်ကြောင်း မိုင်းဆွဲခံရ၊ ပစ်ခတ်တိုက်ခိုက်မှုများဆက်ဖြစ်

0
3734

မြိတ်ခရိုင်၊ ပုလောမြို့နယ် မင်းထိန်ကျေးရွာအနီးတွင် စစ်ကောင်စီတပ် ခြေလျင်စစ်ကြောင်း ယနေ့ နိုဝင်ဘာလ ၇ရက် နံနက်က မိုင်းဆွဲတိုက်ခိုက်ခံရပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ နံနက် ၆ နာရီဝန်းကျင်တွင် ပုလောမြို့မှ မြိတ်မြို့ဖက်သို့ ခြေလျင်လာသည့် စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံ ရကြောင်း ဒေသခံများက ပြောသည်။

မြိတ်ဖက်သို့ ခြေလျင်ဆင်းလာသည့် ၂၈၅ တပ်မှ တပ်သားများအား မင်းထိန်ကျေးရွာအနီးတွင် မိုင်းခြောက်လုံးဖြင့် တိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်များဖြင့်လည်း အပြန်အလှန်ပစ်ခတ်ခဲ့ကြောင်း ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရုပ်သံနှင့်တကွ ထုတ်ပြန်ထားသည်။

နံနက် ၆ နာရီခွဲတွင် ပစ်ခတ်မှုများ ငြိမ်သက်သွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်က ၁၀ ဦးဝန်းကျင် သေဆုံးပြီး ငါးဦးခန့်မှာ ဒဏ်ရာရရှိသွားသည်ဟု ယင်းတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ယင်းနောက် နံနက် ၁ဝနာရီခွဲဝန်းကျင်တွင်လည်း တိုက်ခိုက်မှုထပ်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“၆ နာရီလောက်မှာ တစ်ကြိမ်ဖြစ်ပြီး ၁၀ နာရီဝန်းကျင်မှာ တစ်ကြိမ်ထပ်ဖြစ်တယ်။ မင်းထိန်တောင်ပေါ်မှာပဲ။ နောက်တစ်ကြိမ်က ကားနဲ့လာရာမှာ ချကြတာ။ မင်းထိန်နဲ့ခ မောင်းတောကြား ကျောက်ခွဲစက်နားမှာ တော်တော် ကြာတယ်” ဟု မင်းထိန်ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

၁၀ နာရီခွဲဝန်းကျင်တွင် စစ်ကောင်စီတပ်ကား သုံးစီးကို ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့ပြီး ကားနှစ်စီး ပျက်စီးပြီး ထိခိုက်ဒဏ်ရာရသူများပြားကြောင်း တောကြီးမြွေဟောက်အဖွဲ့ King Cobra က ထုတ်ပြန်ထားသည်။

နှစ်ဖက် ပစ်ခတ်မှုအတွင်း မင်းထိန်ကျေးရွာအတွင်း လက်နက်ကြီးကျည်အချို့ ကျရောက်ပေါက်ကွဲခဲ့သော်လည်း လူနှင့် နေအိမ်ထိခိုက်မှု မရှိကြောင်း ဒေသခံများက ပြောသည်။

“လူတွေက စောစောကတည်းက အကုန်ထွက်ပြေးနေရတာ။ အခုနေ့လယ်မှ ပြန်လာကြတယ်” ဟု ဒေသခံနောက်တစ်ဦးက ပြောဆိုသည်။

ပုလော-မြိတ် ပြည်ထောင်စုလမ်းပေါ်တွင် မိုင်းဆွဲခြင်းနှင့် နှစ်ဖက်ပစ်ခတ်ခြင်းများ မကြာခဏရှိနေပြီး ခရီးသည် ယာဉ်လိုင်းများ၊ ခရီးသွားပြည်သူများအနေဖြင့် စစ်ကောင်စီယာဉ်တန်းနှင့် ကပ်လိုက်ခြင်းမပြုလုပ်ကြပါရန် ပုလောပြည်သူ့ကာကွယ်ရေးတပ်များက မေတ္တာရပ်ခံထားသည်။