ထိုင်းရောက် မြန်မာလုပ်သားတစ်ဦး၏ ကိုယ်တွင်းအင်္ဂါများကို ပေးလှူ

0
4327

ထိုင်းနိုင်ငံ ယာဉ်မတော်တဆမှုကြောင့် ဦးနှောက်သေသွားသည့် မြန်မာအလုပ်သမားတစ်ဦး၏ ကိုယ်တွင်းအင်္ဂါများကို အခြားလူနာများတွင် အစားထိုးကုသနိုင်ရန် မိသားစုက ပေးလှူကြောင်း ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

မြန်မာအလုပ်သမား၏ မျက်လုံးနှင့် ကျောက်ကပ်စသည့် ကိုယ်တွင်းအင်္ဂါများကို အခြားလူနာများအား အစားထိုး ကုသနိုင်ရန် ပေးလှူခဲ့ခြင်းအပေါ် ကျေးဇူးတင်ရှိကြောင်း နိုဝင်ဘာလ ၅ ရက်နေ့တွင် ထုတ်ပြန်သည်။

ချင်းရိုင်ခရိုင်တွင် တရားဝင်စာချုပ်ဖြင့် လာရောက် အလုပ်လုပ်ကိုင်နေသည့် အသက် ၄၃နှစ်အရွယ် မြန်မာအလုပ်သမားတစ်ဦးသည် ကားတိုက်ခံရမှုကြောင့် အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး ဦးနှောက်သေသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

၎င်း၏အမည်နှင့် မြန်မာနိုင်ငံ နေရပ်တို့ကိုမူ ဖော်ပြထားခဲ့ခြင်း မရှိပေ။

မြန်မာအလုပ်သမားကို ကုသပေးနေသည့် Chiang Rai Prachanukroh ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများသည် မြန်မာအလုပ်သမား၏ မိသားစုဝင်များထံသို့ ဆက်သွယ်ကာ ကိုယ်တွင်းအင်္ဂါလှူဒါန်းနိုင်သည့်အကြောင်းကို အကြောင်းကြားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

၎င်း၏ မိခင်ဖြစ်သူနှင့် နှမဖြစ်သူတို့သည် မြန်မာအလုပ်သမား၏ နောက်ဆုံးအချိန်တွင် ကောင်းမှုကုသိုလ်ပြုလုပ်ပေးရန် ဆန္ဒရှိရာ အခြားလူနာများ အစားထိုးကုသနိုင်ရန် ကိုယ်တွင်းအင်္ဂါလှူဒါန်းမှုကို ခွင့်ပြုပေးခဲ့ကြောင်း ရေးသားထားသည်။

မြန်မာအလုပ်သမားထံမှ မျက်လုံးတစ်စုံနှင့် ကျောက်ကပ်တစ်စုံကို အခြားလူနာများ အစားထိုးကုသနိုင်ရန် လှူဒါန်းခဲ့ခြင်း အပေါ်တွင် မိသားစုဝင်များအား ကျေးဇူးတင်ရှိကြောင်း Chiang Rai Prachanukroh ဆေးရုံမှ နိုဝင်ဘာလ ၃ ရက်နေ့က ကြေညာခဲ့သည်။

ထို့နောက် ဆရာဝန်များက ကိုယ်အင်္ဂါများကို ကြက်ခြေနီအဖွဲ့အစည်းသို့ ပို့ဆောင်နိုင်ရန်အတွက် Chiang Rai Prachanukroh ဆေးရုံတွင် ခွဲစိတ်မှုများပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

နိုဝင်ဘာလ ၅ ရက်နေ့တွင် ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန အမြဲတန်းအတွင်းဝန် Dr. Opas Karnkawinpong က အခြားလူနာများကို ကူညီရန်အတွက် ကိုယ်တွင်းအင်္ဂါများလှူဒါန်းပေးသဖြင့် မိသားစုဝင်များကို ကျေးဇူးများစွာတင်ရှိကြောင်း ပြောဆိုခဲ့သည်။

ဦးနှောက်သေဆုံးသွားသူ တစ်ဦး၏ ကိုယ်တွင်းအင်္ဂါများကို လူနာတစ်ဦးမှ ရှစ်ဦးအထိ အစားထိုးကုသမှု လုပ်ဆောင်နိုင်ကြောင်း ၎င်းက ဆိုသည်။

ဦးနှောက်သေဆုံးသွားသော လူနာများထံမှ ကိုယ်တွင်းအင်္ဂါလှူဒါန်းရေး ခွင့်ပြုချက်ရရှိနိုင်ရန် လူနာမိသားစုဝင်များနှင့် ဆက်သွယ်ပြောဆိုနိုင်မှုသည် အရေးကြီးကြောင်း အတွင်းဝန်က ပြောဆိုသည်။

ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ စာရင်းအရ ဦးနှောက်သေဆုံးသွားသော လူနာများထံမှ ကိုယ်တွင်း အင်္ဂါ လှူဒါန်းမှုသည် တစ်နှစ်လျှင် ၂၀၀ ဦးခန့်အထိ ရှိကြောင်း ထုတ်ပြန်ထားသည်။