မြိတ်ခရိုင်၌ တစ်ရက်တည်း ကျေးရွာငါးရွာတွင် ပစ်ခတ်မှုဖြစ်၊ အုပ်ချုပ်ရေးမှူးတစ်ဦးအသတ်ခံရ

0
3832

မြိတ်ခရိုင် မြိတ်နှင့် တနင်္သာရီမြို့နယ်တို့ရှိ ကျေးရွာငါးရွာအနီးတွင် နိုဝင်ဘာလ ၆ ရက်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အုပ်ချုပ်ရေးမှူးတစ်ဦးလည်း ဖမ်းဆီးသတ်ဖြတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

နိုဝင်ဘာလ ၆ ရက်နေ့က တနင်္သာရီမြို့နယ်ရှိ ထုံမခါကျေးရွာ၊ တမုတ်ချုံးကျေးရွာ၊ တားပလတ်ကျေးရွာ၊ ဘန်းလမွတ် ကျေးရွာနှင့် မြိတ်မြို့နယ် တုံးဗျောကျေးရွာတို့တွင် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားကြောင်း ဒေသခံများထံ မေးမြန်းချက်အရ သိရသည်။

“တမုတ်ချုံးမှာက စောစောပိုင်းဖြစ်တယ်။ ထုံခါနဲ့ တားပလတ်မှာက ညနေ ၄ နာရီနဲ့ ၅ နာရီလောက်မှာ စစ်ကား မိုင်းဆွဲခံရပြီး သေပျောက်မှုရှိတယ်လို့ ကြားရတယ်” ဟု တမုတ်ချုံး ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ယင်းနေ့ နံနက်ကလည်း ဘန်းလမွတ်ကျေးရွာတွင် ပစ်ခတ်မှုဖြစ်ခဲ့ပြီး စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအား ပြည်သူ့ကာကွယ်ရေးတပ်များက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အသတ်ခံရသည်ဟု ကြားသိရကြောင်း ဒေသခံများက ပြောဆိုသည်။

“ဖမ်းလာပြီး သတ်လိုက်တယ်လို့ကြားရတယ်” ဟု ဘန်းလမွတ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ဘန်းလမွတ်ကျေးရွာနှင့် ညောင်ပင်ကုန်းရွာအကြား ယနေ့ နိုဝင်ဘာလ ၇ ရက် နံနက်ကလည်း နှစ်ဖက်ပစ်ခတ်မှုများ ပြန်လည် ဖြစ်ပွားသေးကြောင်း ဒေသခံများက ဆိုသည်။

တုံးဗျောကျေးရွာတွင်လည်း နိုဝင်ဘာလ ၆ရက် ညဦးမှ ညဉ့်နက်သည်အထိ လက်နက်ကြီး၊ လက်နက်ငယ်များနှင့် အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး ကင်းတပ်ကျေးရွာရှိ နေအိမ်တစ်လုံး လက်နက်ကြီးကျည်ထိမှန်ခဲ့ကြောင်း ဒေသခံတို့က ပြောဆိုသည်။

“အိမ်ပေါ်မှာ လူမရှိတော့ ထိခိုက်တာမျိုးမရှိဘူး” ဟု တုံးဗျောရွာ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

တစ်ရက်တည်း ပစ်ခတ်မှုများကြောင့် ကျေးရွာအချို့မှ ပြည်သူများ နီးစပ်ရာရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြ ရကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

 ပစ်ခတ်မှုကြောင့် နှစ်ဖက် အကျအဆုံး အခြေအနေကို Dawei Watch က အတည်ပြုနိုင်ခြင်း မရှိသေးပေ။