တနင်္သာရီတိုင်းတွင် အရပ်သားသေဆုံးမှု သုံးရာနီးပါးရှိလာ၊ အမျိုးသမီး‌က ၁၂ ရာခိုင်နှုန်းပါဝင်

0
3972

စစ်တပ်က အာဏာသိမ်းပြီးနောက် လပေါင်း၂၀ အတွင်း တနင်္သာရီတိုင်းတွင် အရပ်သားသေဆုံးမှု သုံးရာနီးပါးရှိလာပြီး ယင်းထဲတွင် အမျိုးသမီး ၁၂ ရာခိုင်နှုန်း (၃၅ ဦးဝန်းကျင်) ပါဝင်ကြောင်း Southern Monitor အဖွဲ့က ထုတ်ပြန်ထား သည်။

စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ယခုနှစ် စက်တင်ဘာလအထိ အရပ်သား ၂၉၃ ဦး သေဆုံး ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Southern Monitor အဖွဲ့သည်တနင်္သာရီတိုင်းအတွင်း ဖြစ်ပေါ်နေသည့် လူမှုစီးပွားရေး၊ ပဋိပက္ခအခြေနေ၊ စစ်ဘေးရှောင်ပြည်သူများအရေးနှင့် လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ်များကို စောင့်ကြည့်လေ့လာ‌နေသည့် သုတေသနအဖွဲ့တစ်ခု ဖြစ်သည်။

အရပ်သားသေဆုံးမှုနှင့် ပတ်သက်ပြီး နိုဝင်ဘာလ ၇ ရက်နေ့ (ယနေ့) က ထုတ်ပြန်ထားခြင်းဖြစ်သည်။

တိုင်းအတွင်းရှိ ထားဝယ်၊ လောင်းလုံး၊ ရေဖြူနှင့် သရက်ချောင်းမြို့နယ်များတွင် အရပ်သားသေဆုံးမှုအရေအတွက် သိသိသာသာ များပြားကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

အထက်ပါကာလအတွင်း အရပ်သားသေဆုံးမှု အများဆုံးကာလမှာ ယခုနှစ် ဇွန်လဖြစ်ပြီး ၃၁ ဦးအထိ သေဆုံးခဲ့ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်သည်။

အရပ်သားသေဆုံးမှုကို ရေတွက်ရာတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် လက်အောက်ခံ ပျူစောထီး၊ စွန်ရဲအဖွဲ့များ၏ သတ်ဖြတ်မှုများအပြင် ပြည်သူ့ကာကွယ်ရေးတပ်က သတ်ဖြတ်မှုများကိုလည်း ထည့်သွင်းရေတွက်ထားသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့က ကျူးလွန်သည့် အရပ်သားသေဆုံးမှုဖြစ်စဉ်များမှာ ကျေးရွာအတွင်း စစ်ကြောင်းထိုးလာချိန် ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ကျေးရွာအတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်သည့်အတွက် လက်နက်ကြီးကျည် ထိမှန်သေဆုံးကြရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် ဆိုင်ကယ်စီးသာမန်ပြည်သူများကို လုံခြုံရေးအကြောင်းပြချက်ဖြင့် ပစ်ခတ်သတ်ဖြတ်မှုလည်း ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပျူစောထီး၊ သွေးသောက်၊ စစ်တပ် သတင်းပေးသူ အပါအဝင် အုပ်ချုပ်ရေးမှူး၊ ဝန်ထမ်းအချို့ကို လုပ်ကြံသတ်ဖြတ်ခဲ့ပြီး ယင်းအနက်ဖြစ်စဉ်အချို့မှာ မှားယွင်းသတ်ဖြတ်ခံရခြင်းနှင့် မိသားဝင်များပါ ထိခိုက်သေဆုံးသည့်ဖြစ်စဉ်များ ပါဝင်ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

ယင်းအပြင် ခရီးသွားပြည်သူအချို့လည်း မှားယွင်းပစ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့မှုများရှိကြောင်း ဆက်လက်ဖော်ပြထားသည်။

ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ လက်ချက်ဖြင့် သေဆုံးရသည့်ဖြစ်စဉ်များကိုမူ ယင်းအဖွဲ့များ၏ တရားဝင် ထုတ်ပြန်ချက်များအပေါ် ကိုးကားပြီး ထိုကဲ့သို့ ဖော်ပြထားသည်ဟု Southern Monitor အဖွဲ့က ဆိုသည်။

အထက်ပါအကြောင်းအရာများနှင့်ပတ်သက်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတို့ဘက်က တစ်စုံတစ်ရာ တုံ့ပြန်ထုတ်ပြန်ထားခြင်း မရှိသေးပေ။
အရပ်သားသေဆုံးမှုစာရင်းထဲတွင် လက်နက်ကိုင်ဆောင်ထားသည့် စစ်ကောင်စီတပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ PDF၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဝင်များ၏ စာရင်းကို ထည့်သွင်း ရေတွက်ထားခြင်းမရှိကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

လက်နက်ကိုင်ဆောင်ထားသည့် အဖွဲ့အစည်းများအနေဖြင့် အရပ်သားထိခိုက်မှုအနည်းဆုံးဖြစ်အောင် စစ်ရေး ကျင့်ဝတ်များကို အတတ်နိုင်ဆုံး လိုက်နာသင့်ကြောင်းလည်း Southern Monitor အဖွဲ့က တိုက်တွန်းထားသည်။