မွန်တွင် ရော်ဘာစျေး ပြန်ကျ

0
4038

မွန်ပြည်နယ်တွင် အောက်တိုဘာလကုန်ပိုင်းခန့်မှစကာ ရော်ဘာ‌စျေးနှုန်း ပြန်ကျလာသည်ဟု ရော်ဘာလုပ်ငန်းရှင်များနှင့် ရော်ဘာအရောင်းအဝယ် ပြုလုပ်နေသူတို့ထံမှ သိရသည်။

ရော်ဘာရာသီအစက ရော်ဘာ‌စျေးကောင်းရရှိခဲ့သော်လည်း အောက်တိုဘာလကုန်ပိုင်းခန့်မှစကာ ရော်ဘာစျေး ပြန်လည်ကျဆင်းလာခဲ့သည်။

ရော်ဘာရာသီအစက ရော်ဘာပြားအပါးဟုခေါ်သည့် အဆင့်မြင့်ရော်ဘာ RSS-3 တစ်ပေါင်လျှင် ကျပ် ၁၅၀၀ နီးပါးအထိ စျေးတက်ခဲ့ပြီး လက်ရှိတွင် RSS-3 တစ်ပေါင်လျှင် ကျပ် ၁၂၀၀ အထိပြန်ကျသွားသည်ဟု  ရော်ဘာလုပ်ငန်းရှင်တို့ထံမှ သိရသည်။

ထိုအတူ တစ်နေလှန်းဟုခေါ်သည့် အထူရော်ဘာပေါက်စျေးလည်း တစ်ပေါင်လျှင် ကျပ် ၁၀၀၀ ကျော် စျေးရရှိခဲ့ရာမှ လက်ရှိတွင် တစ်ပေါင် ကျပ် ၁၀၀၀ အောက် ပြန်ကျသွားသည်ဟုလည်း ရော်ဘာလုပ်ငန်းရှင်တို့က ပြောသည်။

“ရော်ဘာစျေးက ရာသီအစမှာတော့ တစ်ချက်စျေးကောင်းရတယ်၊ ပြီးတော့ ပြန်ကျသွားတယ်၊ အခုကတော့ အကျဘက်မှာ ဖြစ်နေတယ်၊ ရော်ဘာစျေးက မငြိမ်ဘူး” ဟု မုဒုံမြို့နယ်မှ ရော်ဘာအဝယ်ဒိုင်တစ်ဦးက ပြောသည်။

ရော်ဘာစျေးကျပြီး စျေးမတည်မငြိမ်ဖြစ်နေခြင်းသည် နိုင်ငံခြားငွေစျေးနှင့်လည်း သက်ဆိုင်နေသည်ဟုလည်း ရော်ဘာအရောင်းအ၀ယ်ပြုလုပ်နေသူတို့က ပြောသည်။

ယခုနှစ်တွင် ကုန်စျေးနှုန်းအဆမတန်မြင့်တက်ပြီး သွင်းအားစုများနှင့် အထွေထွေကုန်ကျစရိတ် ကြီးမြင့်နေချိန်တွင် ရော်ဘာစျေးကျနေသည့်အတွက် ရော်ဘာခြံပိုင်ရှင်များ တွက်ခြေမကိုက်ဖြစ်နေသည်ဟု ရော်ဘာခြံပိုင်ရှင်တို့က ပြောသည်။

“မနှစ်ကနဲ့စာရင် ကုန်စျေးနှုန်းတွေက နှစ်ဆ သုံးဆ လောက်တက်သွားတယ်၊ ဒီကုန်စျေးနှုန်းတွေနဲ့ ယှဥ်ရင် ရော်ဘာစျေးကလည်း နှစ်ဆလောက်ဖြစ်မှ တွက်ခြေကိုက်မှာ” ဟု ရော်ဘာခြံပိုင်ရှင် ဒေါ်စန်းအေးက ပြောသည်။

မွန်ပြည်နယ်တွင် ရော်ဘာကို အဓိက စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်နေကြပြီး ပြည်နယ်တစ်ခုလုံးတွင် ရော်ဘာစိုက်ပျိုးမြေဧက ၅ သိန်းခန့်ရှိကာ၊ ဧက ၃ သိန်းကျော် ရော်ဘာထုတ်လျက်ရှိနေသည်။

မြန်မာနိုင်ငံတွင် မွန်ပြည်နယ်သည် ရော်ဘာစိုက်ပျိုးမှု အများဆုံးဒေသတစ်ခုဖြစ်ပြီး အများစုသည် အသေးစားရာဘာစိုက်ပျိုးသူများဖြစ်ပြီး ပြည်နယ်တစ်ခုံလုံးရှိ ရော်ဘာလုပ်ငန်း ၈၀ ရာခိုင်နှုန်းခန့်သည် အသေးစားစိုက်ပျိုးသူများဖြစ်ကြောင်း မွန်ပြည်နယ် ရော်ဘာလုပ်ငန်းရှင်များအသင်းမှ သိရသည်။

မွန်ပြည်နယ်မှ ထွက်သည့် ရော်ဘာများသည် ကုန်ချောထုတ်လုပ်နိုင်သည့် နည်းပညာပိုင်းဆိုင်ရာများနှင့် ရင်းနှီးမြုပ်နှံမှုမရှိသည့်အတွက် ပြည်ပသို့ ကုန်ကြမ်းအဖြစ် တင်ပို့နေရဆဲဖြစ်သည်။

ထိုသို့တင်ပို့ရာတွင်လည်း အရည်အသွေးနိမ့်ကျမှုကြောင့် စျေးကောင်းမရရှိသည့် အနေအထားရှိနေသည်ဟုလည်း မွန်ပြည်နယ် ရော်ဘာလုပ်ငန်းရှင်များအသင်းမှ သိရသည်။