ပုလော၊ ပိတပ်ရွာတွင် တိုက်ပွဲဖြစ်ပြီး လက်နက်ကြီးကျသဖြင့် ရွာသားလေးဦး ဒဏ်ရာရဟုဆို

0
4586

မြိတ်ခရိုင်၊ပုလောမြို့နယ်၊ ပိတပ်ကျေးရွာတွင် တိုက်ပွဲဖြစ်ပြီး လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် အရပ်သားလေးဦး ဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။

နှစ်ဖက်တိုက်ပွဲဖြစ်ကာ ပိတပ်ရွာအတွင်း ယနေ့ နံနက် ၁၁ နာရီဝန်းကျင်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အနည်းဆုံးအရပ်သား လေးဦးခန့် ဗုံးစထိမှန် ဒဏ်ရာရသွားသည်ဟု ဒေသခံများကပြောသည်။

“ဒဏ်ရာရသူတွေကိုတော့ သွားမသယ်ရသေးဘူးလို့ ကြားရတယ်။ အခုထိလည်း နှစ်ဖက် တိုက်ပွဲဖြစ်နေတုန်းပဲ”ဟု ဒေသခံအမျိုးသားက ယနေ့ မွန်းလွဲ ၂ နာရီ ကပြောသည်။

ပိတပ်ကျေးရွာသို့ ယနေ့နံနက်က ပြည်သူ့ကာကွယ်ရေးတပ်များ ရောက်ရှိလာပြီး လက္ကူးဘက်မှ ပုလောမြို့ဘက်သို့ တက်လာသည့် စစ်ကောင်စီတပ်ကားကို လမ်းမှဖြတ်တိုက်ရာ နှစ်ဖက်တိုက်ပွဲ စတင်ဖြစ်ပွါးခဲ့ကြောင်း ဒေသခံများ ကပြောသည်။

ယင်းသို့တိုက်ပွဲဖြစ်နေစဥ် ပုလော ၂၈၅ တပ်နှင့် လက္ကူးကျေးရွာတပ်ဘက်မှ ပိတပ်ရွာဘက်သို့ လက်နက်ကြီးဖြင့် ပစ်ကူသဖြင့် လက်နက်ကြီးများ ရွာအတွင်း ကျရောက်ပြီး နေအိမ်တစ်ချို့လည်း ထိမှန်ခဲ့ကြောင်း ၎င်းတို့ကဆိုသည်။

“ပိတပ်၊ မဒေါင် နှစ်ရွာစလုံး လက်နက်ကြီးလာကျနေလို့ တောင်ဆန်တောင် ပြန်ပြေးနေရပြီ။ တစ်ရွာလုံးကျွတ်ပဲ”ဟု ဒေသခံအမျိုးသား ကပြောသည်။

ပိတပ်ကျေးရွာတိုက်ပွဲမဖြစ်ခင် နံနက် ၉ နာရီဝန်းကျင်ခန့်က ပဝတ်ကုန်းကျေးရွာတွင် နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွါးခဲ့ပြီး ခဏရပ်သွားသည်။

ယင်းနောက်  နံက် ၁၀ နာရီဝန်းကျင်တွင် ပဝတ်ကုန်း၌ တိုက်ပွဲထပ်မံဖြစ်ပွါးပြန်သဖြင့် လက္ကူးကျေးရွာမှ ပဝတ်ကုန်းသို့

စစ်ကူပေးရန်လာသည့် စစ်တပ်ကားအား လမ်းခုလတ်မှ ဟန့်တားဖြတ်တိုက်ခဲ့ခြင်း ဖြစ်သည်ဟု သိရှိရကြောင်း ဒေသခံတစ်ဦး ကပြောပြသည်။

“တိုက်ပွဲက ပဝတ်ကုန်းနဲ့ပိတပ် တဘရိတ်တည်း (တစ်ပြိုင်တည်း) ဖြစ်တယ်၊ ပဝတ်ကုန်းမှာက လက်ရှိရပ်သွားပြီ ပိတပ်ဘက်မှာတော့ ခုထိလက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်နေတုန်း”ဟု ဒေသခံနောက်တစ်ဦး ကပြောသည်။

တိုက်ပွဲကြောင့် နှစ်ဖက်ထိခိုက်ကျဆုံးမှုကိုမူ မသိရသေးပေ။

ပြီးခဲ့သည့် ညကလည်း တိုရွာရှိ နေအိမ်သုံးလုံး ဗုံးခွဲတိုက်ခိုက်ခံရပြီး ယင်းသုံးအိမ်စလုံး လူမရှိသဖြင့် ထိခိုက်သူမရှိခဲ့ကြောင်း ဒေသခံများ ထံမှသိရသည်။

ဗုံးခွဲခံရသည့် နေအိမ်များသည် စစ်ကောင်စီ သတင်းပေးဆိုသူများ၏ နေအိမ်များဖြစ်ကြောင်း ရွာသားများက ပြောဆိုခဲ့ကြပြီး Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

ပုလောမြို့နယ်တွင် တိုက်ပွဲများ၊ မိုင်းဆွဲမှုများ မကြာခဏဖြစ်နေပြီး စစ်ကောင်စီတပ်မှ လမ်းတစ်လျှောက်ပစ်ခတ်ခြင်း၊ တိုက်ပွဲဖြစ်သည့်နေရာသို့ အဝေးမှလက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် လူနေအိမ်နှင့် ဒေသခံတစ်ချို့ လက်နက်ကြီးကျည်ဆန် မကြာခဏထိမှန်နေသည်။