သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၁)

0
4597

စာရေးသူရဲ့ အမှာစာ >>>>>
ABSDF ဥက္ကဌ ရဲဘော်သံခဲ၏ အမှာစာ >>>>>
ကျေးဇူးတင်ရှိခြင်း >>>>>

အပိုင်း (၁)

အခန်း -၁-

(ထားဝယ်မှ မင်းသမီးစခန်းသို့…)

(၁) နှစ် ၂၀ ကျော် ခရီးစဉ်ရဲ့ ပထမဆုံးနေ့ …

တောစခိုဖြစ်တဲ့နေ့အကြောင်း တွေးမိတိုင်း ပထမဆုံး သတိရတာကတော့ “လမ်းကြုံလို့ တောခိုလာသူ” ဆိုပြီး ရဲဘော်တချို့က ကျနော့်ကို စ နောက်လေ့ ရှိတဲ့ စကားလုံးလေးပါ။ သူတို့ပြောမယ်ဆိုလည်း ပြောစရာပါပဲ။ တောခိုဖို့ ကြိုတင်စီစဉ်ထားခြင်း မရှိတဲ့ ကျနော်ဟာ တောခိုမယ့်လူတွေ ကျနော်တို့ ရွာဆီ ရောက်လာရာကနေ အဲဒီလူတွေနဲ့အတူ လိုက်ပါလာရင်းနဲ့ တောထဲရောက်လာတဲ့သူဆိုရင် မမှားပါဘူး။

ကျနော့် စိတ်ထဲ မှတ်မိသလောက်ကို ပြန်ကောက်ရမယ်ဆိုရင် အဲဒီနေ့က ၁၉၈၈ စက်တင်ဘာလ ၁၉ ရက်နေ့ ညနေပိုင်း ၄ နာရီလောက် ရှိမယ်လို့ ထင်ပါတယ်။

“အတွင်းရေးမှုး၊ ရွာထဲမှာ ကျောင်းသားတွေ ရောက်နေတယ်။ အဲဒါ နေရာချပေးဖို့ အတွင်းရေးမှူးကို စောင့်နေကြတယ်” လို့ စက်ဘီးစီးပြီး ရောက်လာတဲ့ ရွာသားတဦးက ကျနော့်ကို လာသတင်းပို့ပါတယ်။

အတွင်းရေးမှူးဆိုလို့ နားရှုပ် မသွားပါနဲ့။ ၈ လေးလုံး အရေးတော်ပုံ ကာလအတွင်း ဖွဲ့စည်းခဲ့တဲ့ လောင်းလုံးမြို့နယ် ကျောင်းသားသမဂ္ဂမှာ ကျနော်က အတွင်းရေးမှူးတာဝန် ယူထားသလို၊ မင်းရပ်ရွာ အုပ်ချုပ်ရေးအဖွဲ့မှာလည်း ကျနော့်ကို အတွင်းရေးမှူး တာဝန်ပေးထားပါတယ်။

အရင် ရပ်ကွက်၊ မြို့နယ်ကောင်စီဝင်တွေ အားလုံး ၈ လေးလုံး ကာလမှာ ပြုတ်ပြီးတဲ့နောက် ကိုယ့်ရွာကို သင့်သလို အုပ်ချုပ်နေတဲ့ ကာလမှာ ကျနော်တို့ ကျောင်းသားတွေကို ဥက္ကဋ္ဌ၊ အတွင်းရေးမှူးတွေအဖြစ် ရပ်မိရပ်ဖတွေက တင်မြှောက်ရာကနေ အုပ်ချုပ်ရေးအတွေ့အကြုံ ဘာမှမရှိသေးပဲနဲ့ အတွင်းရေးမှူး ဖြစ်နေသူပါ။

ရွာသား သတင်းပို့တဲ့အတိုင်း ကျောင်းသားတွေရှိရာ ရွာတောင်ပိုင်းက နန္ဒသီရိ ဘုန်းတော်ကြီးကျောင်းဆီ ကျနော့်ရဲ့ ပြိုင်ဘီးလေးကို စီးပြီးထွက်သွားတော့ ကျနော်နဲ့သိတဲ့ မော်လမြိုင်တက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်တွေမှာ တက်နေတဲ့ ကျောင်းသားတွေ၊ ထားဝယ်ကောလိပ်က ကျောင်းသားတွေအပြင်၊ အဖြူ-အစိမ်းဝတ် အထက ကျောင်းသားတွေ အပါအဝင် လူ ၄ဝ ကျော်၊ ၅ဝ လောက် တွေ့ရပါတယ်။

ဒီကျောင်းသားတွေနဲ့အတူ ကျောင်းသူတချို့ ပါလာတာကိုလည်း သတိထားမိပါတယ်။ သူတို့ရဲ့ မျက်နှာပေါ်မှာတော့ ဝမ်းနည်းကြေကွဲမှုနဲ့ သည်းမခံနိုင်မှုတွေ ပေါ်လွင်နေပြီး ကျောင်းသူတချို့ဆိုရင် ငိုထားတဲ့ မျက်နှာက သိသာနေပါတယ်။

“ဘယ်လိုဖြစ်တာလဲ၊ ဘယ်ကို သွားကြမှာလဲ၊ ဘယ်လို ကူညီပေးရမလဲ” ဆိုပြီးမေးတော့ သူတို့လည်း ဝမ်းနည်းကြေကွဲ နေလို့လား၊ အစီအစဉ်ကို မသိလို့လားမပြောတတ်၊ ဘာမှ အတိအကျ ပြန်မဖြေနိုင်ကြပါဘူး။

အဲဒီချိန်မှာ ဆိုင်ကယ်စီးပြီး နောက်ထပ် ရောက်လာတဲ့ ကျောင်းသားအုပ်ထဲက တဦးက ထွက်လာပြီး “အသေးစိတ်ကို ကိုတင်လေး ရောက်လာမှ ခင်ဗျားကို ရှင်းပြလိမ့်မယ်။ လောလောဆယ်ကတော့ စစ်တပ်က ပစ်လို့ ထွက်ပြေးလာတာပဲ။ ဆရာ ဦးပန်းကျော်တို့လည်း ကျကုန်ပြီ” လို့ ပြောပါတယ်။

ကိုတင်လေး ဆိုတာကတော့ နောက်ပိုင်း မင်းသမီးဒေသမှာ အသတ်ခံရသလိုလိုနဲ့ ပျောက်ဆုံး သွားသူပါ။ ကျနော့်ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေထဲက တဦးဖြစ်ပြီး ထားဝယ်ကောလိပ်နဲ့ မော်လမြိုင် တက္ကသိုလ်တွေမှာ ၄ နှစ်ကျော် ၅ နှစ် နီးပါး အတူတူ တက်ခဲ့သူပါ။ သူဟာ ရုက္ခဗေဒ နောက်ဆုံးနှစ် ကျောင်းသားဖြစ်ပြီး ထားဝယ်ကောလိပ်နဲ့ မော်လမြိုင်တက္ကသိုလ်ရဲ့ ရေးကူးချန်ပီယံ၊ မီတာ ၄၀၀ အပြေး ချန်ပီယံဖြစ်တဲ့အပြင် ထားဝယ်မြစ်ကိုတောင် လက်ပစ်ကူးဖူးသူအဖြစ် ထင်ရှားခဲ့ပါတယ်။

ကျနော်ကတော့ တနင်္သာရီတိုင်း လက်ရွေးစင် စက်ဘီးသမားဖြစ်ပြီး နေရာတကာမှာ ပြိုင်ဘီးတစီးနဲ့ သူများမျက်စိ နောက်စရာ ဖြစ်နေသူ၊ နောက်ဆုံးနှစ် မြန်မာစာ ကျောင်းသားပါ။

သူနဲ့ကျနော်ဟာ ၁၉၈၇ စက်တင်ဘာ စာမေးပွဲကာလအတွင်း ဖြစ်ပေါ်ခဲ့တဲ့ ငွေစက္ကူ အရေးအခင်း၊ ၁၉၈၈ မတ်လ၊ ဇွန်လ အရေးအခင်းတွေအတွင်း မော်လမြိုင်တက္ကသိုလ်မှာ အတူတူလှုပ်ရှားခဲ့သူတွေပါ။ ပါမောက္ခချုပ် တက္ကသိုလ်ဘုန်းနိုင်ရဲ့ သတိပေးခြင်းခံရတဲ့ ထားဝယ် ကျောင်းသားခေါင်းဆောင်တွေထဲ ပါဝင်သူတွေဖြစ်ပါတယ်။

ကျောင်းတွေပိတ်လိုက်လို့ ထားဝယ်ပြန်ရောက်ပြီး ၈ လေးလုံးလှုပ်ရှားမှု စတင်တဲ့ အခါမှာတော့ ကိုတင်လေးဟာ ထားဝယ်တနယ်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ဖြစ်လာပါတယ်။

၈ လေးလုံးကာလ ကျောင်းသားလှုပ်ရှားမှုနဲ့ လူထုလှုပ်ရှားမှု အားလုံးကို ကိုတင်လေး ဦးဆောင်တဲ့ ထားဝယ်တနယ်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂနဲ့ ဆရာကြီးဦးပန်းကျော်တို့ ဦးဆောင်တဲ့ ထားဝယ် တနယ်လုံးဆိုင်ရာ (တနင်္သာရီတတိုင်းလုံးဆိုင်ရာလည်း ဖြစ်နိုင်ပါတယ်) ဒီမိုကရေစီတပ်ဦးတို့က ဦးစီးဆောင်ရွက်နေတာပါ။

ကျနော်ကိုယ်တိုင်ကတော့ သြဂုတ်လ ၉ ရက်နေ့ ထားဝယ်မြို့ပေါ် ဆန္ဒပြပွဲနဲ့ တချို့နေ့တွေမှာ သူလိုကိုယ်လို ပါဝင်ခဲ့တာကလွဲရင် ထားဝယ်မြို့ပေါ်က ကျောင်းသားတွေလို နေ့စဉ် ကိစ္စတွေကို ဦးစီး ဆောင်ရွက်နေတဲ့ထဲ ပါဝင်နိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့်လည်း ပစ်ခတ်မှုဖြစ်တဲ့ ဒီနေ့ ဆန္ဒပြပွဲအတွင်း ဆရာကြီး ဦးပန်းကျော်အပါဝင် ကျနော်တို့ရဲ့ ရဲဘော်ရဲဘက် ၅ ဦး အသတ်ခံ လိုက်ရတာကို ကျနော်မသိသေးပါဘူး။

(၂) ထားဝယ်မြို့က အာဇာနည်များ…

ထားဝယ်တနယ်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂက ကျောင်းသားအချို့ ဆန္ဒပြနေစဉ်။

ဟို မေးဒီမေးနဲ့ တစစီ သိလိုက်ရပေမယ့် အသေးစိပ်ကိုတော့ နောက်ပိုင်း နယ်စပ်ရောက်တော့မှ အဲဒီပစ်ခတ်မှုအတွင်း ဆရာဦးပန်းကျော်ရဲ့ ဘေးမှာရှိနေသူ ဆရာဦးအောင်မြင့် (နောက်ပိုင်း ၂၀၁ တပ်ရင်း၊ ဒု- ရင်းမှူးဖြစ်လာသူ) ပြန်ပြောပြမှ သိရတာပါ။

စက်တင်ဘာ ၁၈ ရက်နေ့ညနေ ၄ နာရီမှာ စစ်တပ်က အာဏာသိမ်းကြောင်း ရေဒီယိုက ကြေညာသံ ကြားရပြီးတဲ့နောက် တပ်ဦး ခေါင်းဆောင်တွေ ညဘက်မှာ အစည်းဝေးလုပ်ခဲ့ကြောင်း၊ ဒါပေမယ့် အစည်းအဝေးက ဆုံးဖြတ်ချက် မချနိုင်တဲ့အတွက် မနက် ၈ နာရီမှာ ပြန်လုပ်ဖို့ ဆင့်ခေါ်လိုက်ကြောင်း၊ မနက် ၇ နာရီလောက်ကတည်းက သူနဲ့ ဆရာဦးပန်းကျော်တို့ တပ်ဦး ရုံးခန်းဆီ ရောက်လာပြီး စားပွဲတွေ၊ ထိုင်ခုံတွေပြင်နေတုန်း အထက ၁ က ကျောင်းသား ၃ ဦး ရောက်လာပြီး “ဆရာ၊ ကျနော်တို့ကျောင်းကို စစ်တပ်ကဝိုင်းထားလိုက်ပြီ။ အဲဒါ ဘယ်လို လုပ်ရမလဲ။ အမြန်ကူပါဦး” လို့ လာပြောတယ်လို့ ဆိုပါတယ်။

ဒီအတွက် တပ်ဦး အထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန်ယူထားသူ အသက် ၄၆ နှစ်အရွယ် မြောင်းပုလဲ အလက ကျောင်းအုပ်ကြီး ဦးပန်းကျော်က တပ်ဦး အတွင်းရေးမှူး ရှေ့နေ ဦးမြင့်သိန်း (နောက်ပိုင်း မင်းသမီးဒေသမှာ အသတ်ခံရသလိုလိုနဲ့ ပျောက်ဆုံးသွားသူ) နဲ့ စည်းရုံးရေးမှူး ဆရာဦးအောင်မြင့်တို့ကို အထက ၁ ဆီသွားဖို့ တာဝန်ပေးလိုက်တယ်လို့ သိရပါတယ်။

အထက ၁ ဆီ သူတို့ ၂ ဦး ရောက်လာပြီး ကျောင်းဝန်းအတွင်း သပိတ်စခန်းဖွင့်ထားတဲ့ ကျောင်းသားတွေကို ငြိမ်ငြိမ်သက်သက်နေဖို့၊ စစ်တပ်ကို ထိပ်တိုက်ရင်ဆိုင်မှု မလုပ်ဖို့ ဆွေးနွေးဟောပြောခဲ့ကြောင်း၊ ဒီလို ဟောပြောနေစဉ်မှာ ဦးမြင့်သိန်းက “တပ်ဦးရုံးကို လွှတ်ထားလို့ မဖြစ်ဘူး။ ဆရာအောင်မြင့်က အခြေအနေ ပြန်သွားကြည့်ပါ” လို့ တာဝန်ပေးတဲ့အကြောင်း ဆရာဦးအောင်မြင့်က ပြောပြပါတယ်။

ဒီလိုနဲ့ အထက ၁ နောက်ဘက်ပေါက်ကနေ ထွက်လာပြီး ဥတ္တားကြီးလမ်းဆုံရှေ့က တပ်ဦးရုံးဘက် သူထွက်လာတော့ လမ်းမှာ စစ်တပ်နဲ့တိုးတယ်လို့ ဆိုပါတယ်။ အဲဒါနဲ့ စစ်တပ်ထက် ဦးအောင် တပ်ဦးရုံးဆီ သူပြေးလာပြီး ဆရာ ဦးပန်းကျော်တို့ကို အခြေအနေ သတင်းပို့ခဲ့တယ်လို့ သိရပါတယ်။ အဲဒီအချိန်မှာ ကျောင်းသားတွေ၊ အရပ်သားတွေ ထောင်နဲ့ချီပြီး တပ်ဦးရုံးရှေ့နဲ့ ဥတ္တားကြီး လမ်းလေးဆုံမှာ ပြည့်ကျပ်နေပြီဖြစ်ပါတယ်။

“ဒီမိုကရေစီရရှိရေး- တို့အရေး” ဆိုတဲ့ ကြွေးကြော်သံတွေကိုလည်း လော်စပီကာနဲ့ အော်နေကြတယ်လို့ ဆိုပါတယ်။ အဲဒီ အချိန်မှာပဲ ဘရင်းကယ်ရီယာပါတဲ့ စစ်ကြောင်းတခုက တပ်ဦးရုံးရှေ့ ပေ ၁၀၀ လောက်အကွာအထိ ရောက်လာပြီး ဦးပန်းကျော်၊ ဦးပန်းလှနဲ့ ဦးအောင်မြင့်တို့ကို စစ်ကြောင်းမှူးက ခေါ်ထုတ်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဆွေးနွေးတယ် ဆိုပေမယ့် တကယ်ကတော့ သူတို့ကို သေနတ်နဲ့တေ့ အမိန့်ပေးတာသာဖြစ်ပြီး “တပ်ဦးရုံးမှာ တပ်ထားတဲ့ ဆိုင်းဘုတ်နဲ့ ခွပ်ဒေါင်းအလံကို အမြန်ဆုံး ဖြုတ်ပေးပါ” လို့ စစ်ကြောင်းမှူး ဒုတိယဗိုလ်မှူးကြီးမြင့်သိန်းက အမိန့်ပေးခဲ့တယ်လို့ ဦးအောင်မြင့်က ပြောပါတယ်။

သူတို့ဘက်ကလည်း တပ်ဦးဆိုင်းဘုတ်နဲ့ ခွပ်ဒေါင်းအလံကိုဖြုတ်ချပေးဖို့ ဘယ်လိုမှမဖြစ်နိုင်ကြောင်း တင်ပြခဲ့ပြီး လူထုကို ငြိမ်ငြိမ်သက်သက်နေဖို့ ပြန်လည် ရှင်းပြနေရကြောင်း၊ ဒီအတောအတွင်းမှာပဲ ဥတ္တားကြီး လမ်းဆုံရဲ့ ထောင့်မှာရှိတဲ့ ဘုရားကြီးဝန်းထဲ ဝင်တဲ့ လမ်းဘက်ကနေ လူငယ်အုပ်စုတစုက ကြွေးကြော်သံတွေ၊ ခွပ်ဒေါင်းအလံတွေနဲ့ ချီတက်လာပြီး စစ်တပ်နဲ့ တပ်ဦးရုံး ထိပ်တိုက်တွေ့ နေရာအရပ်ဆီ ဦးတည်လာတယ်လို့ ဆိုပါတယ်။

အခြေနေဟာ စစ်တပ်နဲ့ လူထုအကြား အတော်တင်းမာနေပြီး စစ်သားတွေ အားလုံးက လူအုပ်ဘက်ကို သေနတ်နဲ့ အဆင့်သင့် ချိန်ထားတယ်လို့ သိရပါတယ်။ အဲဒီအချိန်မှာ စစ်ကြောင်းမှူးက “တပ်ဦးဆိုင်းဘုတ်နဲ့ ခွပ်ဒေါင်းအလံကို ၅ မိနစ် အတွင်း ဖြုတ်ပေးပါ” လို့ အမိန့် ထပ်ပေးပါတယ်။

သူတို့ဘက်ကလည်း ဖြုတ်မပေးနိုင်ကြောင်း ထပ်ပြောပြီး ၅ မိနစ်မပြည့်ခင် ၃ မိနစ်လောက်မှာပဲ ဗိုလ်ကြီးတင်ဝင်း ဆိုသူက ပစ်စတိုကို မောင်းတင်လိုက်တဲ့အတွက် လူတွေ စတင် ထွက်ပြေးကြတယ်လို့ ဦးအောင်မြင့်က ပြောပါတယ်။ သူလည်း ချက်ချင်းဆိုသလို လမ်းဘေးကမြောင်းထဲ လှိမ့်ချလိုက် ပြီးတာနဲ့ သေနတ်သံတွေ ဆက်တိုက်ကြားရကြောင်းနဲ့ သူ့ခေါင်းပေါ်ကနေ ကျည်ဆံတွေဖြတ်သွားနေပြီး ခဏငြိမ်ချိန်မှာပဲ တပ်ဦးရုံး အနောက်ဘက်ဆီ ထွက်ပြေးလာတယ်လို့ ဦးအောင်မြင့်က ပြောပါတယ်။

စုရပ် နေရာတခုဆီ ပြန်ရောက်လို့ သတင်းပြန်စုတော့ ဗိုလ်ကြီးတဦးက ဆရာဦးပန်းကျော်ရဲ့ ဦးခေါင်းကို ပစ်စတိုနဲ့ အနီးကပ်ပစ်လို့ ပွဲချင်းပြီးသေဆုံးသွားတယ်၊ နောက်တော့ ဆရာဦးချမ်းလှ၊ ဦးကြည်ရှိန်နဲ့ တခြား တဦးတို့လည်း သေဆုံးခဲ့ရတယ်လို့ သိလိုက်ရတယ် ဆိုတဲ့အကြောင်း ဦးအောင်မြင့်က ပြောပါတယ်။

နောက်တရက်မှာတော့ ဒဏ်ရာ ပြင်းတဲ့ မမူမူအေး ဆိုတဲ့အမျိုးသမီးတဦး ထားဝယ်ဆေးရုံကြီးမှာ ထပ်မံ သေဆုံးခဲ့တဲ့အတွက် သေဆုံးသူ အားလုံး ၅ ဦး၊ ဒဏ်ရာရသူ ၃၇ ဦး ရှိခဲ့တယ်လို့ ဆရာဦးအောင်မြင့်က ကျနော့်ကိုပြောပြခဲ့ပါတယ်။

(၃)- အရှေ့ကိုသွားဖို့ အနောက်ကို အရင်ဆုတ်

၈၈၈၈ ကာလ ထားဝယ်မြို့လယ် ဆန္ဒပြပွဲတခုကို တွေ့ရစဉ်….

ဒီလိုပစ်ခတ်မှု ဖြစ်ပြီးပြီးချင်း ကျောင်းသားတွေက အခင်းဖြစ်ရာနေရာကနေ ထားဝယ်မြစ်ကို မင်းရပ်ကူးတို့ကနေ လှေနဲ့ဖြတ်၊ မြင်းလှည်းစီး၊ အချို့ကလည်း ကမျောကင်းတံတားကနေ ဆိုင်ကယ်စီးပြီး ကျနော်တို့ရွာဆီ ထွက်ပြေးလာကြတာဖြစ်ပါတယ်။ ဒီကတဆင့် တောခိုဖို့ စဉ်းစား ထားပုံရပါတယ်။

ဒီလိုပြောလိုက်လို့ ကျနော်တို့ရွာက ထားဝယ်မြို့နဲ့ ထိုင်းနယ်စပ် ကရင်အမျိုးသား အစည်းအရုံး (KNU) စခန်းတွေ ကြားမှာ ရှိတဲ့ နေရာလို့မထင်လိုက်ပါနဲ့။ ထားဝယ်မြစ်ရဲ့ အနောက်ဘက်ကမ်းမှာရှိတဲ့ နေရာဖြစ်လို့ နယ်စပ်နဲ့ ဆန့်ကျင်ဘက် နေရာကိုတောင် သူတို့က ရောက်လာတဲ့ သဘောပါ။

နောက်တခါ ကိုတင်လေးနဲ့ ကျနော်က ၅ နှစ်နီးပါး ရင်းနှီးပြီး အားကစားအတူတူလုပ်ခဲ့၊ ကျောင်းအတူတူတက်ခဲ့တဲ့ သူငယ်ချင်းတွေ ဖြစ်ပေမယ့် စစ်တပ်က အာဏာသိမ်းရင် တောခိုမယ်လို့ တခါမှ ကြိုတင် ဆွေးနွေးခဲ့ဖူးတာ မရှိတော့ ကျနော်လည်း ဘာလုပ်လို့ ဘာကိုင် ရမှန်းမသိ ဖြစ်နေပါတယ်။

နောက်ပိုင်း မေးမြန်းချက်တွေအရ ပြန်သိရတာကတော့ စစ်တပ်က အာဏာသိမ်းရင် တောခိုမယ်ဆိုတာကို ကျောင်းသားတချို့က ကြိုတင်စီစဉ်ထားတာတွေ ရှိခဲ့ပြီး NMSP- မွန်ပြည်သစ်ပါတီ။ KNU ကရင့်အမျိုးသားအစည်းအရုံး၊ ဗကပ (ဗမာပြည် ကွန်မြူနစ်ပါတီ) တို့က ယူဂျီတွေနဲ့ ဆက်သွယ်ခဲ့ကြောင်း၊ ဒါကြောင့် အာဏာမသိမ်းခင် စက်တင်ဘာ ၁၆ ရက်နေ့ လောက်ကတည်းက အင်အား ဒါဇင်ဝက်လောက်ပါတဲ့ ထားဝယ်ကျောင်းသား ကိုယ်စားလှယ် အဖွဲ့တခုဟာ ထားဝယ်ကနေ ကံပေါက်ဒေသဘက်ကို ထွက်ခွာသွားပြီး မွန်ပြည်သစ်၊ KNU အဖွဲ့ဝင်တွေနဲ့ အသေးစိတ် ဆွေးနွေးနေတယ်လို့ သိရပါတယ်။

ကျနော်တို့နဲ့အတူ တောစခိုတဲ့ အဖွဲ့ထဲ ပါလာတဲ့ ဗကသ (ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်) အဖွဲ့ဝင် ဦးဆောင်ကျောင်းသားတဦးဖြစ်သူ ဆလိုင်းကိုကိုဦးရဲ့ ပြန်လည် ပြောကြားချက်အရ ဆိုရင် သူနဲ့ ကိုတင်လေးတို့ဟာ ကိုသောင်းညွန့် (ခေါ်) ကိုလေဘေး (နောက်ပိုင်း ၂၀၁ ဘက်မလိုက် အဖွဲ့ရဲ့ တပ်ရင်းမှူး ဖြစ်လာသူ) နဲ့အတူ အာဏာမသိမ်းခင် ရက်ပိုင်းအတွင်း တောင်သုံးလုံး ကျေးရွာဘက်သွားပြီး KNU က ဗိုလ်မှူး ဒါးကျော် (အခု KNU တပ်မဟာ ၄ – မှူး ဖြစ်နေသူ) နဲ့ တောခိုဖို့ကိစ္စ ဆွေးနွေးခဲ့ဖူးတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဗကပ ဥက္ကဋ္ဌ သခင်ဗသိန်းတင်ရဲ့ ဆွေမျိုးတွေနဲ့လည်း ထားဝယ်မှာ တွေဆုံဆွေးနွေးပြီး စစ်တပ် အာဏာသိမ်းရင် ဗကပ နယ်ထဲဝင်ဖို့ ကြိုတင် ညှိနှိုင်းမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ထားဝယ်မှာ ပစ်ခတ်မှု ဖြစ်ချိန်မှာ ဗကပ နယ်ဘက်ထွက်တဲ့ ပေါက်တိုင်း တံတားဂိတ်၊ KNU နယ်ဘက်ထွက်တဲ့ ဗျောတော၀ ဂိတ်တွေကို စစ်တပ်က အသေအချာ စစ်ဆေးမှု လုပ်နေတဲ့အတွက် ဘာဂိတ်မှမရှိတဲ့ ကျနော်တို့ရွာဆီ မင်းရပ်ကူးတို့ကနေ လှေတွေနဲ့ကူးပြီး မြင်းလှည်းတွေနဲ့ ဆင်းလာကြတာလို့ ဒီဆောင်းပါးရေးချိန်မှာ ပြန်လည် မေးကြည့်တော့မှ ကျနော် သိခွင့်ရခဲ့တာပါ။

ဒါပေမယ့် အဲဒီကာလက ဒီအခြေနေတွေကို ဘာမှကြိုမသိတဲ့ ကျနော့်ခမျာတော့ ဘာဖြစ်လို့ သူတို့အဖွဲ့ ကျနော့်ရွာဆီ ရောက်လာမှန်း နားမလည်နိုင်ခဲ့ပါဘူး။ လောလောဆယ်မှာတော့ ဘုန်းကြီးကျောင်းက ရသမျှထမင်းဟင်းနဲ့ အနီးအနား အိမ်တွေက ရသမျှ ထမင်းဟင်းတွေကို မှာယူပြီး သူတို့ကို ကျွေးရပါတယ်။ အဲဒီအချိန်မှာပဲ လောင်းလုံးကနေ ထားဝယ်ဘက်သွားတဲ့ စစ်ကားတွေ ဘုန်ကြီးကျောင်းရှေ့ ကားလမ်းပေါ်ကနေ ဖြတ်သွားနေတယ်လို့ သတင်းရပြီး ခွေးဟောင်သံတွေလည်း ဆူညံနေတဲ့အတွက် လူစုခွဲဖို့ ပြင်ရပါတယ်။ ဘုန်းကြီးကျောင်းနဲ့ ခပ်လှမ်းလှမ်းက အိမ်တွေဆီ လူခွဲပို့ပြီး ဘာဆက်လုပ်ရင် ကောင်းမလဲ ဆိုတာကို ဆွေးနွေးဖို့ ကိုတင်လေးကို စောင့်နေရပါတယ်။

ည ၆ နာရီဝန်းကျင်မှာတော့ ကိုတင်လေးနဲ့ အဖွဲ့ရောက်လာပြီး သူနဲ့အတူ ဗကသ က ကိုကိုဦးနဲ့ အဖွဲ့လည်း ပါလာတယ်လို့ ကျနော့်စိတ်ထဲ မှတ်မိနေပါတယ်။ ကိုကိုဦးနဲ့ အဖွဲ့ဟာ ဗကသ စည်းရုံးရေး ခရီးစဉ်အဖြစ် ထားဝယ်ဒေသဆီ ရောက်နေစဉ် အာဏာသိမ်းတဲ့ အချိန်နဲ့တိုးပြီး ကျနော်တို့နဲ့အတူ တောခိုတဲ့အထိ ပါလာခဲ့သူတွေပါ။ ခရီးစဉ်အကြောင်း အသေအချာ ဆွေးနွေးတော့ သူတို့မှာလည်း ကြိုတင်စီစဉ်ထားတာ ဘာမှရှိပုံမရပါဘူး။ ဒါမှမဟုတ် ကြိုတင် စီစဉ်ထားတဲ့အတိုင်း မဖြစ်တော့လို့ ကျနော့်ကို ဘာမှ ပြောမပြနိုင်တာလည်း ဖြစ်နိုင်ပါတယ်။

“ဒီည အနောက်ဘက်တောင်ကို ကျော်ပြီး မိုးမလင်းခင် စက်လှေတွေနဲ့ ရနောင်းကို ထွက်ချင်တယ်။ ရန်ကုန်နဲ့ မော်လမြိုင်ဘက်က လူတွေလည်း အဲဒီကို သွားနေကြတယ်။ အဲဒါ မင်း ဘယ်လိုကူညီ ပေးနိုင်မလဲ” ဆိုပြီး ကိုတင်လေးက ကျနော့် ကိုပြောပါတယ်။

ကျနော်ကလည်း စက်ဘီးစီးပြီး၊ ကားစီးပြီးသာ မောင်းမကန် ကမ်းခြေဖက်ကို ရောက်ဖူးပေမယ့် တောင်ကျော်ပြီး တခါမှ မသွားဖူးဘူး။ စက်လှေအကြောင်းလည်း ဘာမှမသိတော့ ဒီအကြောင်းသိတဲ့ ရွာထဲက လူတချို့ကိုခေါ်ယူ အကြံတောင်းရပါတယ်။

ဒီလိုနဲ့ ကျနော်တို့ရဲ့ ဆွေးနွေးပွဲဟာ ည ၁ နာရီလောက် ရောက်တဲ့အထိ အဖြေက မထွက်သေးဘူး။ အိပ်တဲ့လူက အိပ်ကုန်ကြပြီ။ အဲဒီအချိန်မှာ ဘယ်ကနေ ဘယ်လို သတင်းရောက်လာမှန်းမသိ။ ကင်းအဖွဲ့က ကျနော့်ကို ထူးခြားတဲ့ အရေးပေါ်သတင်း လာပို့ပါတယ်။

“အတွင်းရေးမှူး၊ အစီအစဉ်က ရနောင်းဘက်မဟုတ်တော့ဘူး။ ဝေဒီကနေ ထားဝယ်မြစ်ကိုဖြတ်ပြီး ဗကပ နယ်ထဲဝင်မယ်။ ချောင်းဝမှာ သူတို့ အဆင့်သင့် စောင့်နေမယ်” ဆိုပြီး ကင်းတာဝန်ခံက ပြောပါတယ်။

ကိုတင်လေးကို မေးကြည့်တော့ “ဟုတ်တယ်။ အဲဒီအစီစဉ်အတိုင်း လုပ်မယ်” လို့ သဘောတူ ပါတယ်။

ဒါနဲ့ အိပ်ပျော်နေတဲ့ ကျောင်းသားတွေ အားလုံးကို တအိမ်တက်ဆင်း လိုက်နှိုးပြီး ည ၂ နာရီ လောက်မှာ ခရီးထွက်ဖို့ ပြင်ရပါတယ်။ အဲဒီညက လရောင်က လင်းနေတဲ့အတွက် တဦးနဲ့တဦး မသဲမကွဲ လရောင်အောက်မှာ မြင်နေရပါတယ်။

လူအင်အား ၅၀ လောက်ရှိမယ့် ကျောင်းသားအုပ်စုကြီးဟာ ကျနော်တို့ ရွာကနေ ရာဟောင်းဝ၊ ပန်းတလဲ၊ အင်းစောင့်၊ ကုန်းဇရပ် ရွာတွေကိုဖြတ်ပြီး ၈ မိုင်၊ ၉ မိုင် လောက်ရှည်တဲ့ ခရီးကို ကုန်းကြောင်း လျှောက်ပြီးတဲ့ အခါမှာတော့ မနက် ၄ နာရီခွဲလောက်မှာ ဝေဒီရွာကို ရောက်လာပါတယ်။

လမ်းတလျှောက် ခွေးဟောင်သံတွေ ဆူညံနေပေမယ့် ဝေဒီရွာအဝင်မှာတော့ ထူးခြားစွာ တိတ်ဆိတ်နေပါတယ်။ ဘယ်သူတွေက ဘယ်လို ကြိုတင်စီစဉ်ထားလဲ မသိပါဘူး။ လှေ ၇ စီး၊ ၈ စီးလောက်က ကျနော်တို့ကို စောင့်နေပါတယ်။ အဲဒါနဲ့ နီးတဲ့ လှေဆီ တက်ပြီး ဝေဒီကနေ ထားဝယ်မြစ် တဘက်ကမ်းက စော်ဝရွာဆီ လှော်ပြီးထွက်တော့ ဝေလီဝေလင်း အရုဏ်တက်စ ပြုနေပါပြီ။

ထက်အောင်ကျော်

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၂) >>>>>