တိုက်ပွဲကြောင့် ညောင်ပင်ကွင်းရွာသားများ ထွက်ပြေးနေရ

0
5339

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် ဒေသခံရွာသားများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

ညောင်ပင်ကွင်းကျေးရွာတွင် အောက်တိုဘာလ ၂၉ရက် မွန်းလွဲ ၂နာရီခွဲဝန်းကျင်မှ ညနေ ၅ နာရီအထိ ပြည်သူ့ ကာကွယ်ရေးတပ်ပေါင်းစုနှင့် စစ်ကောင်စီတပ်၊ ပျူစောထီးတို့ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး ရွာသားများ ထွက်ပြေးတိမ်းရှောင် ကြရကြောင်း ဒေသခံများက ပြောသည်။

“အိမ်ခြေ ငါးရာကျော်လောက်ရှိနေရာက ခုဆိုရင် လေးရာနီးပါးလောက်က ထွက်ပြေးကုန်ပြီ။ မပြေးဘဲ နေသူတွေလည်း အနည်းအကျဉ်း ကျန်ရစ်တယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် လူနေအိမ်လေးလုံး ပျက်စီးခဲ့ကြောင်းလည်း ဒေသခံများက ပြောဆိုသည်။

“ဗလီရှေ့က နေအိမ်နှစ်ဆောင်နဲ့ အခြားနှစ်ဆောင် လက်နက်ကြီးကျည်ကျပြီး ပျက်စီးသွားတယ်။ အရပ်သားတော့ ထိခိုက်တာမကြားရဘူး” ဒေသခံ အမျိုးသားနောက်တစ်ဦးက ပြောသည်။

အောက်တိုဘာလ ၂၉ ရက်နေ့က ညောင်ပင်ကွင်းကျေးရွာတွင် စစ်ကောင်စီ ခမရ ၅၆၁ တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတို့ တိုက်ပွဲဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်တပ်ရင်း (၂) က ထုတ်ပြန်သည်။

မဟာမိတ် တပ်ပေါင်းစုတွင် ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ မြိတ်ခရိုင်၊ တပ်ရင်း ၂၊ တပ်ခွဲ ၁ နှင့် တနင်္သာရီမြို့နယ်၊ မဟာမိတ်တပ်ပေါင်းစု စစ်ကြောင်း ၂ တို့ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး မဟာမိတ်တပ်ပေါင်းစုဘက်က ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ယင်းအပြင် စစ်ကောင်စီတပ်မှ ပစ်သည့်လက်နက်ကြီးကျည်ကျရောက်မှုကြောင့်နေအိမ်လေးလုံးလည်း ပျက်စီးသွားခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။

ထိတွေ့တိုက်ပွဲ အချိန်မရွေး ထပ်မံဖြစ်လာနိုင်သဖြင့် မိဘပြည်သူများ စစ်ရေးသတိရှိစွာ နေထိုင်သွားလာကြရန် မဟာမိတ်တပ်ပေါင်းစုက မေတ္တာရပ်ခံထားသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၂ ရက်နေ့ကလည်း ညောင်ပင်ကွင်းကျေးရွာအုပ်စု၊ သဘော့လိပ်ရွာနှင့် ခုံမခါရွာကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

ညောင်ပင်ကွင်းကျေးရွာတွင် အိမ်ခြေ ငါးရာကျော်ရှိပြီး အများစုမှာ ရော်ဘာနှင့် ဥယျာဉ်ခြံလုပ်ကိုင်သူများကြောင်း ဒေသခံများထံမှ သိရသည်။