ပုလော ကျောင်းနိမ့်ရွာ ဒရုန်းဖြင့်တိုက်ခိုက်ခံရ၊ နေအိမ်တစ်လုံးထိမှန်

0
3582
ဓါတ်ပုံ - ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း (၁) ပုလော။

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကျောင်းနိမ့်ကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ပြီး နေအိမ်တစ်လုံး ထိခိုက်ခဲ့ကြောင်း ပုလောပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၁) က ထုတ်ပြန်သည်။

ပုလောပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၁) က စခန်းချလုံခြုံရေးယူပေးထားသည့် ကျောင်းနိမ့်ကျေးရွာအား ယနေ့ အောက်တိုဘာလ ၃၁ရက် မွန်းလွဲ ၃နာရီကျော်တွင် ပုလော ၂၈၅ တပ်ရင်းက ဒရုန်းဖြင့် ဗုံးသီးခြောက်လုံး ချကာ တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

တိုက်ခိုက်မှုကြောင့် နေအိမ်တစ်လုံးထိမှန်ပြီး လူထိခိုက်မှု မရှိကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ကျောင်းနိမ့်ကျေးရွာနေ ပြည်သူများသည် နှစ်ဖက်တိုက်ပွဲများကြောင့် ရွာမှတိမ်းရှောင်နေသည်မှာ လအတန်ကြာနေပြီ ဖြစ်ပြီး လက်ရှိတွင် အနည်းအကျဉ်း ပြန်လည်နေထိုင်နေကြကြောင်း ဒေသခံများထံမှ သိရသည်။

“ရွာသားတချို့က သွားလိုက်လာလိုက်နဲ့ ပြန်လာနေ နေကြတယ်။ ခုဒီညနေ ၄ နာရီလောက်ကစပြီး ၂၈၅ တပ်က ကျောင်းနိမ့်ဖက်ကို လက်နက်ကြီးတွေနဲ့ ပစ်နေတာ ကိုးလုံးရှိနေပြီ” ဟု ဒေသခံအမျိုးသားတစ်ဦးက ယနေ့ ညနေ ၅ နာရီဝန်းကျင်က ပြောသည်။

ပုလောအရှေ့ဖျားကျေးရွာများဖြစ်ကြသည့် နန်းတောင်၊ ကျောင်းနိမ့်၊ မှော်မိ၊ ဂျင့်ဂါ၊ ဆားခဲ၊ သင်္ကန်းပင်ရှောင် စသည့် ကျေးရွာများကို စစ်ကောင်စီတပ်က ဆန်နှင့် ရိက္ခာသယ်ယူခွင့် ဖြတ်တောက်ထားသည်မှာ လအတန်ကြာနေပြီ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၂ ရက်နှင့် ၂၀ ရက်တို့ကလည်း KNU စစ်ဆေးရေးဂိတ်ကို ပုလော ၂၈၅ တပ်က ဒရုန်းဖြင့် ဗုံးပစ်ချကာ တိုက်ခိုက်ခဲ့ဖူးပြီး KNU ရဲဘော်တစ်ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိကြောင်း ထုတ်ပြန်ထားသည်။