တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
3594

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

အောက်တိုဘာ ၂၃ ရက်နေ့မှ ၂၉ ရက်နေ့အထိ

ဒုက္ခသည် ၁၄သိန်းကျော်လာပြီ

မြန်မာနိုင်ငံတွင် အောက်တိုဘာလ ၂၇ ရက်အထိ အိုးအိမ်စွန့်ခွာထွက်ပြေးရသည့် ဒုက္ခသည် ၁ ဒသမ ၄ သန်းကျော် ရှိလာပြီဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) က အောက်တိုဘာလ ၂၆ ရက်တွင် ထုတ်ပြန်သည်။

ယင်းဒုက္ခသည်များအနက် တစ်သန်းကျော်သည် အာဏာသိမ်းပြီးနောက်ပိုင်းတွင် ဖြစ်ပေါ်လာသည့် ပဋိပက္ခနှင့် မလုံခြုံမှုတို့ကြောင့် ဖြစ်ပြီး ကျန်သုံးသိန်းသုံးသောင်းကျော်မှာ အာဏာမသိမ်းခင်ကပင် နေရပ်စွန့်ခွာ ထွက်ပြေးနေရ သူများဖြစ်သည်ဟု ဖော်ပြသည်။ ယင်းသုံးသိန်းကျော်တွင် ရခိုင်ပြည်နယ်က အများဆုံးဖြစ်သည်။

နိုင်ငံတဝှမ်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် အရပ်သားသေဆုံးမှုများ၊ အရပ်သားပြည်သူပိုင် ပစ္စည်းပျက်စီးမှုများနှင့် အိုးအိမ်စွန့်ခွာထွက်ပြေးမှုများ ဆက်လက်ဖြစ်ပွားနေပြီး လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များလည်း ပိုမိုများပြားလာနေကြောင်း UNOCHA က ဆိုသည်။

………………………………..

မြန်မာ့အရေး ဘုံသဘောတူညီချက်ငါးချက်ကို ဆက်လက်ကိုင်စွဲမည့် အာဆီယံ

မြန်မာနိုင်ငံအရေးကို ဖြေရှင်းရန်အတွက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျာကာတာမှာ အောက်တိုဘာလ ၂၇ ရက်နေ့က စုဝေးပြီး အရေးပေါ်အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ကြသည်။

သို့သော်လည်း ပြီးခဲ့သည့် အာဆီယံထိပ်သီးညီလာခံတွင် မြန်မာ့အရေးအတွက် ချမှတ်ခဲ့သည့် အာဆီယံ ဘုံသဘောတူညီချက် ငါးချက်အတိုင်းသာ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့ကြသည်။

အာဆီယံအဖှဲ့ဝငြ နိုငငြံမွားက သဘောထား မတူညီကှသဖှင့ြ ယငြးငါးခကွကြိုသာ ထပမြံဆုံးဖှတခြဲ့ရခှငြးဖှဈသညဟြု ဆိုသညြ။

မြန်မာ့အရေးဖြေရှင်းရာတွင် ထိရောက်မှုမရှိဖြစ်နေသည့် အဆိုပါဘုံသဘောတူညီချက် ငါးရက်ကို ဆက်လက်စွဲကိုင် မည်ဆိုသည့်အပေါ် ဝေဖန်မေးခွန်းထုတ်မှုများလည်း ရှိနေသည်။

လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ HRW ကမူ အာဆီယံသည် မြန်မာ့အရေးကို မဖြေရှင်းနိုင်ဖြစ်နေပြီး အစည်းအဝေး ထုတ်ပြန်ချက်အပေါ်လည်း စိတ်ပျက်ကြောင်း ထုတ်ပြန်ထားသည်။

အာဆီယံကမူ ထိလွယ်ရှလွယ်ဖြစ်သည့် မြန်မာ့အရေးကို မဖြေရှင်းနိုင်ခြင်းမှာ အာဆီယံကြောင့် မဟုတ်ဘဲ မြန်မာ့ အရေးမှာ ရှုပ်ထွေးလွန်း၍သာဖြစ်သည်ဟု အစည်းအဝေအပြီးတွင် ထုတ်ပြန်ခဲ့သည်။ မြန်မာ့အရေးကို လက်တွေ့ကျပြီး အချိန်နှင့် တပြေးညီလုပ်မည်ဆိုသော်လည်း တိတိကျကျ ထုတ်ပြန်ခြင်းမျိုး မရှိပေ။

အမျိုးသားညီညွတ်ရေးအစိုးရ NUG က အာဆီယံအနေဖြင့် NUG နှင့် လက်တွဲဆောင်ရွက်ရန် တိုက်တွန်းတောင်းဆို ထားသည်။ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနကမူ မြန်မာနိုင်ငံက ပါဝင်ခြင်းမရှိဘဲ ကျန်အာဆီယံနိုင်ငံများက ဆုံးဖြတ်ခဲ့သည့် ဆုံးဖြတ်ချက်ကို မလိုက်နာနိုင်ကြောင်း အောက်တိုဘာလ ၂၇ ရက်က ထုတ်ပြန်ထားသည်။

အရေးပေါ်အစည်းအဝေးမှာ နိုဝင်ဘာလအတွင်း ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်၌ ကျင်းပမည့် အာဆီယံ ထိပ်သီးအစည်းအဝေး မတိုင်ခင် ကျင်းပခြင်းဖြစ်သည်။

………………………………..

သေဆုံးသူ ၆၀ကျော်ရှိသည့် ဖားကန့် အနန့်ပါ လေကြောင်းတိုက်ခိုက်ခံရမှု

ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါ (A Nang Pa) ဒေသတွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၆၂ နှစ်ပြည့် ကြိုဆိုသည့် အခမ်းအနားကျင်းပနေစဉ် လေကြောင်းဖြင့်တိုက်ခိုက်ခံရသဖြင့် ပွဲတက်ရောက်သူ ၆၀ ကျော် သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရကြောင်း KIO ထံမှ သိရသည်။

အောက်တိုဘာလ ၂၅ ရက်တွင် ကျရောက်မည့် KIO နှစ်ပတ်လည်နေ့အတွက် ကြိုဆိုပွဲကို ကံဆီး (Ginsi) ရွာအနီး အနန့်ပါ၌ အောက်တိုဘာလ ၂၃ ရက်ညတွင် တေးဂီတဖျော်ဖြေပွဲဖြင့် ကျင်းပနေခြင်းဖြစ်သည်။

ယင်းအချိန် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်သုံးစီးဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် KIO အမှုထမ်းများ၊ ကချင်အနုပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အရပ်သားပြည်သူများ ထိခိုက်သေဆုံး ဒဏ်ရာရကြောင်း KIO က ထုတ်ပြန်သည်။ သေဆုံးရာတွင် KIA က တပ်မဟာမှူး၊ ဒုတပ်မဟာမှူးလည်း ပါဝင်ကြောင်း ဆိုသည်။

သေဆုံးသူများတွင် KIO အမှုထမ်း ၄၀ကျော်၊ အရပ်သား ၂၀ ကျော်ပါဝင်ပြီး ဒဏ်ရာရသူများတွင် KIO အမှုထမ်း ၃၀ ကျော်၊ အရပ်သား ၃၀ နီးပါးပါဝင်ကြောင်း KIO ပြောခွင့်ရပုဂ္ဂိုလ်ဗိုလ်မှူးကြီးနော်ဘူက မီဒီယာများသို့ ပြောဆိုသည်။

ကချင် နာမည်ကြီးအဆိုတော် အော်ရာလီ (Aurali) အပါအဝင် ကချင်အနုပညာရှင် သုံးဦးသေဆုံးပြီး ကချင်အနုပညာရှင်အသင်း ဥက္ကဋ္ဌဟောင်း၊ သရုပ်ဆောင် ဇော်ဒိန် (Lahtaw Zau Ding) အပါအဝင် ကိုးဦး ဒဏ်ရာရကြောင်း ကချင်အနုပညာရှင်အသင်းထံမှ သိရသည်။

အနန့်ပါသည် KIA တပ်စခန်းမဟုတ်ဘဲ ခရီးသွားများ ခေတ္တအနားယူသည့် ဈေးဆိုင်တန်းစခန်းငယ်နေရာဖြစ်သည်ကို စစ်ကောင်စီက သိရှိထားသော်လည်း လူအစုံလိုက်အပြုံလိုက်သေကြေရန် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့ကြောင်း KIO က ထုတ်ပြန်သည်။ ယင်းဖြစ်ရပ်အပေါ် အများပြည်သူ ကြေကွဲထိတ်လန့်ခဲ့ရကြောင်းလည်း ဆိုသည်။

စစ်ကောင်စီဘက်ကမူ ယင်းနေရာသည် KIA တပ်မဟာ (၉) အခြေပြုစစ်ရေးလှုပ်ရှားရာနေရာဖြစ်ပြီး လေကြောင်း တိုက်ခိုက်မှုကို ထိတွေ့တိုက်ခိုက်မှုဆိုင်ရာ စည်းမျဉ်းအတိုင်းလုပ်ခဲ့ခြင်းဖြစ်သည်ဟု ငြင်းချက်ထုတ်ထားသည်။ သေဆုံးရာတွင် KIA က တပ်မဟာမှူး၊ ဒုတပ်မဟာမှူး၊ တိုက်နယ်မှူး၊ သယံဇာတ တိုင်းတာရေးတာဝန်ခံတို့ အပါအဝင် KIA နှင့် PDF တို့သာ ပါဝင်သည်ဟုဆိုပြီး အရပ်သားထိခိုက်မှုကိုမူ ငြင်းဆိုထားသည်။

တိုက်ခိုက်မှုတွင် ဒဏ်ရာရရှိသူများကို ဆေးကုသရန် အခက်အခဲကြုံရသည်ဟု ဆိုသည်။ ဖားကန့်မြို့ပေါ်သို့ သွားသည့် တံတား၊ ဂိတ်များကို စစ်ကောင်စီတပ်က ပိတ်ဆို့ထားသဖြင့် ဒဏ်ရာရသူများကို သယ်ထုတ်၍ မရသည့် အပြင် ဆေးဝါးများ ပို့ခွင့်လည်း မရဟု ကူညီရေးကယ်ဆယ်ရေးလုပ်ရန် ကြိုးပမ်းသူများက ဆိုသည်။

သွားရောက်ကူညီမည့် ပရဟိတ သမားများကိုလည် သွားရောက်ခွင့် ပိတ်ပင်ပြီး အရေးယူမည်ဟု ခြိမ်းခြောက်မှုများပင် ရှိသည်ဟု သတင်းများတွင် ပြောဆိုထားကြသည်။ ရုပ်အလောင်းများကိုလည်း မိသားစုဝင်များ သွားရောက် သယ်ယူခွင့် မရကြကြောင်း သတင်များတွင် ဖော်ပြသည်။

အဆိုပါဖြစ်ရပ်အပေါ် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် KIO အုပ်ချုပ်နယ်မြေများ၊ ဗဟိုဌာနချုပ် အစိုးရရုံးများနဲ့ ပညာရေးကျောင်းများတွင် အောက်တိုဘာလ ၂၄ ရက်က အလံကို တိုင်ထက်ဝက်ချကာ လွှင့်ထူထားခဲ့သည်။

ယင်းဝမ်းနည်းဖွယ်ရာဖြစ်ရပ်သည် စစ်ကောင်စီကို တွန်းလှန်တော်လှန်သည့် တော်လှန်ရေးခွန်အားအဖြစ်သို့ အရှိန်မြှင့်တင်သွားမည်ဖြစ်ကြောင်း KIO က ထုတ်ပြန်သည်။

ကချင်လွတ်လပ်ရေး ကောင်စီ (KIC) ၏ ဒုဥက္ကဋ္ဌ (၁) ဗိုလ်ချုပ်ဂွန်မော်က ၎င်း၏ Faceboo စာမျက်နှာမှတစ်ဆင့် စစ်ကောင်စီဥက္ကဋ္ဌထံ သတင်းစကား ပါးထားသေးသည်။ KIO ဗဟိုကော်မတီသည် မြန်မာအစိုးရ အဆက်ဆက်ကို ကူညီထောက်ခံသည့်သူများကိုပင်လျှင် ရန်သူအဖြစ် မသတ်မှတ်ခဲ့သော်လည်း ယခု အနန့်ပါသို့ လာရောက်သော ပြည်သူများ၊ ဒေသခံများကို စစ်ကောင်စီက ရန်သူသဖွယ်ပြုမူခဲ့ပြီဟု ရေးထားသည်။

စာအဆုံးသတ်တွင် “အားလုံးရဲ့ ဝမ်းနည်းကြေကွဲမှုနဲ့ မျက်ရည်တွေဟာ တန်ဖိုးမဖြတ်နိုင်တဲ့ ရင်းနှီးမှုတွေဖြစ်လာမှာပါ” ဟုလည်း ပြောဆိုထားသည်။

………………………………..

အနန့်ပါတိုက်ခိုက်ခံရမှု ပြည်တွင်း၊ ပြည်ပ တုံ့ပြန်ချက်

သေဆုံးသူ ၆၀ ကျော်ရှိသည့် ဖားကန့်မြို့နယ် အနန့်ပါဒေသ လေကြောင်းတိုက်ခိုက်ခံရမှုကို ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများစွာက ကန့်ကွက်ရှုတ်ချထားကြသည်။

ယင်းတိုက်ခိုက်မှုအတွက် များစွာအံ့ဩတုန်လှုပ်ရပြီး အသက်ဆုံးရှုံးခဲ့ရသည့် အပြစ်မဲ့ပြည်သူများကို နှမြောကြောင်း ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က ထုတ်ပြန်ထားသည်။ KIO နှင့်ထပ်တူ ဝမ်းနည်းကြောင်း ထုတ်ပြန် ပြီး နောက်ဆက်တွဲ ဖြစ်ပွားလာမည့် အခြေအနေအရပ်ရပ်ကို အထူးဂရုပြုစောင့်ကြည့်နေသည်ဟုလည်းဆိုသည်။

တေးဂီတပွဲအား လူအများငြိမ်းချမ်းစွာ စုဝေးဆင်နွဲနေချိန် ဗုံးကြဲတိုက်ခိုက်ခြင်းသည် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုနှင့် အရပ်သားကို ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် စစ်ရာဇဝတ်မှုမြောက်ကြောင်း သက်သေခံနေသည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်သည်။

ထို့ကြောင့် နိုင်ငံတကာအနေဖြင့် စစ်ကောင်စီကို အပြစ်ပေးအရေးယူရန် တိုက်တွန်းထားပြီး မဟာလူမျိုးကြီးဝါဒနှင့် အာဏာရှင်စနစ်ကို အပြီးတိုင်ချုပ်ငြိမ်းစေရန် တော်လှန်သူ အင်အားစုအားလုံးနှင့်အတူ တိုက်ပွဲဝင်သွားမည်ဟု ထုတ်ပြန်သည်။ 

မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်သည့် ကိုးကန့်အဖွဲ့ MNDAA ၊ ရက္ခိုင့်တပ်တော် (AA) ၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ကလည်း အနန့်ပါ တိုက်ခိုက်မှုအတွက် စစ်ကောင်စီကို ထိုက်သင့်သည့် ပြစ်ဒဏ်ပေးရန်နှင့် အကျူးလွန်ခံရသူဘက်က တရားမျှတမှု ရရှိရန်မျှော်လင့်ကြောင်း ထုတ်ပြန်ထားသည်။

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များအနေဖြင့် စစ်ကောင်စီနှင့်ပတ်သက်၍ စည်းလုံးညီညွတ်စွာဖြင့် လုပ်သင့်လုပ်ထိုက်သည့် အလုပ်ကို ပြတ်ပြတ်သားသားလုပ်ရမည့်အချိန်ဟုလည်း ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့ကမူ လူအစုလိုက်အပြုံလိုက် သေဆုံးခဲ့ရသည့် လေကြောင်းတိုက်ခိုက်မှုမှာ စစ်ရာဇဝတ်မှုဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အလားတူ ပြည်တွင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ PDF အဖွဲ့များ၊ နိုင်ငံရေးပါတီအချို့၊ သပိတ် ကော်မတီများ၊ အရပ်ဖက်အဖွဲ့အစည်းများကလည်း ယင်းတိုက်ခိုက်မှုကို ကန့်ကွက်ရှုတ်ချထားကြသည်။

ယင်းတိုက်ခိုက်မှုသည် အရပ်သားများအပေါ် အလွန်အကျွံ အင်အားသုံး တိုက်ခိုက်ခဲ့ပုံရပြီး လက်ခံနိုင်ဖွယ်ရာ မရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးက ထုတ်ပြန်ထားသည်။ ယင်းကျူးလွန်မှုအတွက် စစ်ကောင်စီက တာဝန်ခံရမည်ဟုလည်းဆိုသည်။

အမေရိကန်၊ ယူကေ၊ နော်ဝေ၊ ဆွစ်ဇာလန်၊ ဩစတြေးလျ၊ ကနေဒါ၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂရုံးနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်၊ သံရုံးအကြီးအကဲများ ပူးပေါင်း လက်မှတ်ရေးထိုးကာ ကန့်ကွက်စာလည်း ထုတ်ပြန်ထားသည်။

အဆင်ခြင်မဲ့ တိုက်ခိုက်မှုများကြောင့် အပြစ်မဲ့အရပ်သားပြည်သူများ ထိခိုက်ခြင်း၊ အတိဒုက္ခခံစားရခြင်းများ နိုင်ငံတဝန်း ဖြစ်ပေါ်နေပြီး မြန်မာနိုင်ငံအတွင်းနှင့် ဒေသအတွင်း ကြုံတွေ့နေရသော အကျပ်အတည်းနှင့် မတည်ငြိမ်မှုများအတွက် စစ်ကောင်စီတွင် တာဝန်ရှိကြောင်း ထုတ်ပြန်ထားသည်။

နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု ဥပဒေအရ အရပ်သားများကို အကာအကွယ်ပေးရမည့် ၎င်း၏ တာဝန်ဝတ္တရားကို အလေးမထားကြောင်းကို ယခု (အနန့်ပါ) တိုက်ခိုက်မှုက အထင်အရှားပြသနေသည်ဟုလည်း ဆိုသည်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီးကလည်း အနန့်ပါ လေကြောင်းတိုက်ခိုက်မှုတွင် အသက်များစွာဆုံးရှုံးခဲ့သည့် မြန်မာနိုင်ငံ အခြေအနေကိုစိုးရိမ်ကြောင်း အောက်တိုဘာလ ၂၇ရက်က အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးတွင် ပြောသည်။

ဂျပန်အစိုးရကလည်း ယင်းတိုက်ခိုက်မှုကို ကန့်ကွက်ရှုတ်ချထားသည်။

စစ်ကောင်စီကမူ ၎င်းတို့အား ဆန့်ကျင်သည့်အဖွဲ့များ၊ မီဒီယာများနှင့် အတည်မပြုနိုင်သည့် ဆိုရှယ်မီဒီယာပါ ဖော်ပြ ချက်များ ကို အခြေခံကာ အမေရိကန် အပါအဝင် အနောက်နိုင်ငံအချို့နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပြောခွင့်ရ ပုဂ္ဂိုလ်တို့က သတင်းမှား ထပ်ဆင့်ထုတ်ကာ ပြည်တွင်းရေးဝင်ရောက်စွက်ဖက်သဖြင့် ကန့်ကွက်သတိပေးထားသည်ဟု တုံ့ပြန်သည်။

………………………………..

မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် ပျံလွန်တော်မူ  

စစ်တပ်ကိုဝေဖန်သဖြင့် ထောင်ချခံခဲ့ရသည့် မန္တလေးမြို့က မြဝတီမင်းကြီး ကျောင်းတိုက်ဆရာတော် အရှင်ဘဒ္ဒန္တ အရိယာဝံသသည် အောက်တိုဘာလ ၂၇ ရက် ညတွင် ထိုင်းနိုင်ငံ မဲဆောက်မြို့ ဆေးရုံ၌ ပျံလွန်တော်မူသွားသည်။

သက်တော် ၇၂ နှစ်၊ ဝါတော် ၅၂ ဝါတွင် ဆရာတော်ကြီးသည် နှလုံးသွေးကြောပိတ်သည့် ဝေဒနာဖြင့် ပျံလွန်သွားခြင်း ဖြစ်ပြီး ဆရာတော်ကြီး၏ ဈာပနကို အောက်တိုဘာလ ၃၁ ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း ဆရာတော်၏ တပည့်ရဟန်း ဆရာတော် မင်းသုညက မိန့်ကြားကြောင်း ဘီဘီစီသတင်းတွင် ဖော်ပြသည်။

စစ်တပ်ကို ဝေဖန်လေ့ရှိသဖြင့် အာဏာသိမ်းမှု မတိုင်ခင်ကပင် မြဝတီမင်းကြီးဆရာတော်ကို စစ်တပ်က ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ ၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) တရားစွဲဆိုခဲ့သည်။ အာဏာသိမ်းပြီးချိန်တွင် ဆရာတော်ကို ဖမ်းဆီးပြီး ထောင်ခြောက်လချခဲ့သည်။

၂၀၂၁ ခုနှစ် ဩဂုတ်လဆန်းပိုင်းတွင် အိုးဘိုအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာပြီးနောက် ထပ်မံဖမ်းဆီး ခံရနိုင်သဖြင့် လွတ်မြောက်နယ်မြေတွင် သီတင်းသုံးခဲ့ပြီး ယခုနှစ်တွင် မဲဆောက်သို့ ကြွရောက်ခဲ့ခြင်းဖြစ်သည်။

ဆရာတော်သည် ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံ၊ ၁၉၉၀ သံဃာ့သပိတ်မှောက်မှု၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး၊ လက်ပတောင်းတောင် စသည့် လှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်ခဲ့ပြီး လက်ရှိ စစ်အာဏာသိမ်းမှုကိုလည်း ဆန့်ကျင် သည့် ဟောပြောချက်များကို မပျံလွန်မီအချိန်အထိ ဟောပြောခဲ့သည်။

………………………………..

ရွေးကော်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့ ပြန်လွတ်

NLD အစိုးရလက်ထက်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ဥက္ကဋ္ဌ ဦးလှသိန်းနှင့် အဖွဲ့ဝင် ဦးမြင့်နိုင်တို့ အောက်တိုဘာလ ၂၆ ရက်နေ့တွင် ရမည်းသင်းထောင်မှ ပြန်လည်လွတ်မြောက်လာကြောင်း သတင်းမီဒီယာများတွင် ဖော်ပြသည်။

ဦးလှသိန်း၊ ဦးမြင့်နိုင်နှင့် နောက်အဖွဲ့ဝင် တစ်ဦးဖြစ်သည့် ဦးသန်းဌေးတို့ကို စစ်ကောင်စီက ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀ (က) ဖြင့် တရားစွဲဆိုကာ ယခုနှစ် ဇူလိုင်လတွင် ထောင်သုံးနှစ် ပြစ်ဒဏ်ချမှတ်ထားခြင်းဖြစ်သည်။ ဦးသန်းဌေးမှာ ပြစ်ဒဏ်ကျခံနေရဆဲဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။

၎င်းတို့နှစ်ဦး မည်သည့်အကြောင်းအရင်းကြောင့် လွတ်မြောက်လာသည်ကို တိတိကျကျ မသိရသေးပေ။ ဧရာဝတီ မြန်မာပိုင်း သတင်းတစ်ရပ်တွင်မူ ၎င်းတို့နှစ်ဦးသည် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်လာခြင်းဖြစ်သည်ဟု ၎င်းတို့နှင့် နီးစပ်သည့် ရှေ့နေတစ်ဦးကို ကိုးကားကာ သတင်းဖော်ပြသည်။

ဦးလှသိန်း ဦးဆောင်သည့် UEC သည် ကိုဗစ်ကပ်ဘေးကြားတွင် အထွေထွေရွေးကောက်ပွဲကို ကျင်းပခဲ့ပြီး NLD အပြတ်အသတ် အနိုင်ရသွားချိန်တွင် မဲမသမာမှုလုပ်သည်၊ မှားစာရင်း မှားယွင်းသည်ဟုဆိုကာ စစ်တပ်က အာဏာသိမ်းခဲ့သည်။ 

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) အပေါ် မလျော်ဩဇာ သုံးသည်ဟုဆိုကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နှင့် ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး ဝန်ကြီး ဦးမင်းသူတို့သည်လည်း ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀ (က) ဖြင့် ပြီးခဲ့သည့် စက်တင်ဘာ ၂ ရက်နေ့က ထောင်သုံးနှစ်စီ ချခံထားရသည်။

………………………………..

ကွီလုံတိုင်စခန်း KNLA သိမ်း

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ကွီလုံးတိုင်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့များက အောက်တိုဘာလ ၂၅ရက်တွင် တိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ကြောင်း KNLA ဘက်က ထုတ်ပြန် သည်။

ယင်းစခန်းသည် ကျိုက်ဒုံမြို့နယ်ခွဲ အဇင်းကျေးရွာအုပ်စုရှိ စစ်ကောင်စီတပ် ခမရ ၃၃၉ ၏ အခြေစိုက်စခန်းတစ်ခု ဖြစ်သည်။ ယင်းစခန်းသိမ်းပိုက်ရာတွင် လက်နက်ခဲယမ်းများနှင့် စစ်ကောင်စီတပ်ဘက်က ၁၇ ဦးကို အရှင်ဖမ်းမိ ကြောင်း ဓာတ်ပုံနှင့် တကွ ထုတ်ပြန်ထားသည်။

စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သော်လည်း KNLA ဘက် ထိခိုက်မှု မရှိခဲ့ဟု ဆိုသည်။

အောက်တိုဘာလ ၂၈ ရက် ညတွင် ကျိုက်ဒုံနယ်မြေရဲစခန်းကိုလည်း KNLA ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက် ခဲ့ပြီး လက်နက်ခဲယမ်းများ ဖမ်းမိခဲ့ကာ စစ်ကောင်စီဘက်က တစ်ဦးသေဆုံးကြောင်း KNU က ထုတ်ပြန်ထားသည်။

အာဏာသိမ်းကာလ ၂၁ လအတွင်းတွင် စစ်ကောင်စီတပ် အခြေကုတ်စခန်းကြီး ကိုးခုကို သိမ်းယူနိုင်ခဲ့ကြောင်း KNU က ထုတ်ပြန်ထားည်။

………………………………..

လုပ်ခလစာ တိုးပေးရန် Adidas ဖိနပ်ချုပ်စက်ရုံလုပ်သားများဆန္ဒပြ

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်ရှိ မြန်မာပေါင်ချိန်ဖိနပ်စက်ရုံက အလုပ်သမားတစ်ထောင်ကျော်သည် တစ်ရက် အနည်းဆုံးလုပ်အားခ တိုးမြှင့်ပေးရေးအတွက် အောက်တိုဘာလ ၂၅ရက်မှစတင်ကာ စက်ရုံအတွင်း ဆန္ဒပြတောင်းဆို ကြသည်။

မြန်မာပေါင်ချိန် ဖိနပ်ချုပ်စက်ရုံသည် Adidas အမှတ်တံဆိပ် ဖိနပ်များကို ချုပ်ပေးနေသည့် စက်ရုံဖြစ်ကြောင်း ဧရာဝတီမြန်မာပိုင်း သတင်းတစ်ရပ်တွင် ဖော်ပြသည်။

လက်ရှိတွင် ရရှိနေသည့် တစ်ရက်အနည်းဆုံးလုပ်အားခ ကျပ် ၄၈၀၀ မှာ အဆမတန် ခုန်တက်သွားသည့် ကုန်ဈေးနှုန်းကြောင့် အလုပ်သမားများ၏ စားဝတ်နေရေး မဖူလုံတော့သဖြင့် ကျပ် ရှစ်ထောင်သို့တိုးမြှင့်ပေးရန် တောင်းဆိုကြခြင်းဖြစ်သည်။

သင့်တင့်မျှတသည့် လုပ်အားခကို ပေးရန် စက်ရုံတာဝန်ရှိသူများနှင့် ညှိနှိုင်းခဲ့သော်လည်း စက်ရုံဘက်က လက်မခံ သဖြင့် လုပ်ငန်းခွင် မဝင်ဘဲ အလုပ်သမားများ စုပေါင်းဆန္ဒပြတောင်းဆိုခြင်းဖြစ်ကြောင်း အလုပ်သမားများ၏ ပြောဆို ချက်ကို ကိုးကားကာ Myanmar Labour News သတင်းတစ်ရပ်တွင် ဖော်ပြသည်။

တောင်းဆိုချက်များ မရမချင်း တောင်းဆိုမည်ဟုလည်း အလုပ်သမားများက ပြောဆိုထားပြီး စက်ရုံဘက်ကမူ အောက်တိုဘာလ ၃၁ ရက်တွင် အဖြေပေးမည်ဟု တုံ့ပြန်ထားသည်ဟု ဆိုသည်။

အာဏာသိမ်းပြီးနောက်တွင် အလုပ်သမားအခွင့်အရေး တောင်းဆိုမှုများ ကန့်သတ်ခံနေရပြီး အလုပ်သမားသမဂ္ဂများ ပျောက်ကွယ်လုနီး ဖြစ်နေပြီဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ILO က ထုတ်ပြန်ထားသည်။

………………………………..

မုန်တိုင်းကြောင့် ရခိုင်တွင် စပါးခင်းနှင့် ပုစွန်ကန်များပျက်စီး

ရခိုင်ပြည်နယ် မြို့နယ်အချို့တွင် အောက်တိုဘာလ ၂၄ ရက်က တိုက်ခတ်သွားသည့် စီထရန် မုန်တိုင်းအရှိန်ကြောင့် စပါးခင်းဧက ငါးသောင်းခန့်နှင့် ပုစွန်ကန်များ ပျက်စီးဆုံးရှုံးကြောင်း ဒေသတွင်းသတင်းများတွင် ဖော်ပြချက်အရ သိရသည်။

မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ တောင်ကုတ်၊ အမ်းစသည့် မြို့နယ်များတွင် လေပြင်းတိုက်ခတ်ခြင်း ကြောင့် စပါးပင်များ မြေပြင်ပေါ်ပြားပြားဝပ်သွားပြီး ဆားငံရေ ဝင်သွားခြင်းကြောင့်လည်း စပါးခင်းများ ပျက်စီးသည်ဟု ဆိုသည်။

ရခိုင်ပြည်နယ် တောင်သူလယ်သမားသမဂ္ဂ၏ စာရင်းအရ လယ်ဧက ငါးသောင်းခန့် ဆားငံရေဖုံးလွှမ်းကာ ပျက်စီးပြီး တောင်ကုတ်၊ ပေါက်တော၊ မြေပုံတို့တွင် ပျက်စီးမှုအများဆုံးဖြစ်ကြောင်း ဒေသတွင်း သတင်းတစ်ရပ်တွင် ဖော်ပြ သည်။

လယ်ယာသွင်းအားစုများ ဈေးအဆမတန် တက်နေချိန် စပါးခင်းများ ပျက်စီးသွားသဖြင့် လယ်သမားများအတွက် ဆုံးရှုံးနစ်နာမှု ကြီးမာမည့် အခြေအနေဖြစ်နေသည်။

ပုစွန်ကန်များ ကျိုးပေါက်ခြင်း ရေလျှံခြင်းတို့ကြောင့်လည်း ပျက်စီဆုံးရှုံးမှုများကြောင်းလည်း ဒေသတွင်း သတင်းများတွင် ဖော်ပြကြသည်။ မုန်တိုင်းအရှိန်ကြောင့် စစ်တွေအပါအဝင် မြို့အချို့တွင်လည်း ရေကြီးကာ လေပြင်းကြောင့် ပျက်စီးမှုများ ရှိခဲ့သည်။

………………………………..

ပင်လယ်ကမ်းစပ်တွင် ဆင်းကစားရင်း မျောပါသေဆုံးသည့် ကလေးငယ်သုံးဦး

ရခိုင်ပြည်နယ် စစ်တွေမြို့ ပွိုင့်ကမ်းခြေတွင် စတုတ္ထတန်းကျောင်းသား သုံးဦးတည်း လာရောက်ကာ ရေထဲဆင်းကစားစဉ် လှိုင်းဖြင့်မျောပါကာ သေဆုံးသွားခဲ့သည်။

အသက် ၁၁ အရွယ် သူငယ်ချင်းသုံးဦးသည် အောက်တိုဘာလ ၂၂ ရက်က ကစားရန် နေအိမ်မှ ထွက်ခွာလာကြပြီးနောက် ပင်လယ်ကမ်းခြေသို့ ရောက်ရှိလာခြင်းဖြစ်ပြီး ကမ်းခြေတွင် ကျောက်ဆောင်များပြီး လှိုင်းရိုက်ပြင်းသည့် နေရာတွင် ဆင်းကစားရာမှ ပင်လယ်ထဲ မျောပါသွားခြင်းဖြစ်သည်။

ယင်းဖြစ်ရပ်ကို အနီးဝန်းကျင်သည့် လုံခြုံရေးကင်မရာ မှတ်တမ်းတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ကလေးသုံးဦးအနက် နှစ်ဦးကို ပျောက်ဆုံးပြီး နှစ်ရက်အကြာ အောက်တိုဘာလ ၂၄ ရက်တွင် ချောင်းကမ်းစပ်၌ တွေ့ရှိခဲ့ပြီး နောက်ဆုံးကျန်သည့် တစ်ဦးကို အောက်တိုဘာလ ၂၇ တွင် တွေ့ရှိခဲ့သည်။

ယင်းနေရာတွင် ယခင်ကလည်း သေဆုံးမှုများရှိခဲ့ပြီး အန္တရာယ်ရှိနေရာအဖြစ် သတိပေးဆိုင်းဘုတ်များ မထားခြင်း၊ စောင့်ကြည့်ခြင်း မရှိခြင်းတို့အပေါ် ဝေဖန်မှုများရှိခဲ့သည်။

………………………………..