လောင်းလုံးတွင် တစ်ရက်တည်း လူသုံးဦး ပစ်သတ်ခံရ

0
5153

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ရှိ ကျေးရွာနှစ်ရွာတွင် အောက်တိုဘာလ ၂၈ ညက ဒလန်ဟုဆိုသူ သုံးဦး ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံတို့ထံမှ သိရသည်။

ပစ်သတ်ခံရသူများမှာ လောင်းလုံးမြို့အထက်ဘက် မောင်းမကန်ကမ်းခြေအနီးရှိ ကျောက်ဆင်းရွာသား အသက် ၆၀ ကျော်အရွယ် ဦးဟန်သိန်းဆိုသူနှင့် လောင်းလုံးမြို့အောက်ဘက် ထားဝယ်-ရှင်မော်သွားလမ်းပိုင်းရှိ သကျက်တော ကျေးရွာနေ ဇနီးမောင်နှံနှစ်ဦးဖြစ်သူ အသက် ၅၀ ကျော်အရွယ် ဦးအောင်စိုး၊ ဒေါ်ကြည်စန်းတို့ဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။

၎င်းတို့ သုံးဦးစလုံးအား လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဦးဟန်သိန်းမှာ စစ်ကောင်စီခန့် ကျောက်ဆင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဦး
(၂၀၂၁ စက်တင်ဘာလက ပစ်သတ်ခံရပြီး သေဆုံး) ၏ ဖခင်ဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။

“ကျောက်ဆင်ရွာက သူ့အိမ်မှာပဲ ပစ်သတ်ခံရတာ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

အောက်တိုဘာလ ၂၀ ရက်က ကျောက်ဆင်ကျေးရွာတွင် NLD ပါတီ ဝန်းရံပြည်သူ‌ လေးဦးအား အမည်မသိ အရပ်ဝတ် လက်နက်ကိုင်တစ်စုက လာရောက်ပစ်ခတ်သတ်ဖြတ်ခဲ့သည်။

ဦးဟန်သိန်းမှာ ၎င်းပြည်သူ လေးဦး ပစ်ခတ်သတ်ဖြတ်မှုတွင် ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယင်းအချက်နှင့် ပတ်သတ်ပြီး Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

သကျက်တောကျေးရွာ ဇနီးမောင်နှံနှစ်ဦးမှာ သကျက်တောနယ်မြေရဲစခန်းအနီးရှိ နေအိမ်တွင် ညဦးပိုင်း တီဗီကြည့်နေချိန်တွင် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

“သူတို့အိမ်က ရဲစခန်းနဲ့ နီးနီးလေးပဲ။ နှစ်အိမ်ကျော်ပဲကွာတာ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

သေဆုံးသူ ဇနီးမောင်နှံ နှစ်ဦးစလုံးမှာ အိမ်အတွင်းဘက် တီဗီရှေ့သွေးအိုင်ထဲတွင် လဲကျသေဆုံးလျှက်ရှိသည်ကို တွေ့ရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

၎င်းတို့သည် စစ်ကောင်စီအတွက် စက်သုံးဆီဆိုင်များတွင် ငွေကြေးကောက်ခံပေးခြင်း၊ ကင်းလှည့်ပေးခြင်း၊ သူလျို ပြုလုပ်ပေးခြင်း၊ အလှူနှင့် မင်္ဂလာဆောင်များ မကျင်းပရန် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထုတ်ပြန်စာများကို ဖျက်ဆီးခြင်း၊ ဒေသခံများအား ခြိမ်းခြောက်ခြင်းတို့ကို လုပ်ဆောင်သဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအချက်နှင့် ပတ်သတ်၍လည်း Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

သဘော့ဆိပ်မှ ဦးဟန်သိန်းအလောင်းကိုမူ ညတွင်းချင်း သယ်ဆောင်သွားခဲ့ပြီး သကျက်တောရွာက ဇနီးမောင်နှံနှစ်ဦး၏ အလောင်းကိုမူ အောက်တိုဘာလ ၂၉ ရက် နံနက်ပိုင်းတွင် အရေးပေါ်ကားဖြင့် သယ်ဆောင်သွားကြောင်း ဒေသခံတို့က ပြောဆိုကြသည်။