ငြိမ်နေသည့် ရွှေနှင့်ထိုင်းဘတ် တစ်ပတ်အတွင်း သုံးသပ်ချက်

0
3730

ရွှေ နှင့်ထိုင်းဘတ်ငွေဈေးမှာ ယခုအပတ်၌ ဈေးတန်းတစ်ခုတွင် ငြိမ်နေပြီး အတက်အကျ နည်းနေသည်ကိုတွေ့ရသည်။

ပြီးခဲ့သည့်အပတ်က ကမ္ဘာ့ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှု ဘဏ္ဍာရေးဆိုင်ရာစောင့် ကြည့်ရေးအဖွဲ့(FATF) က မြန်မာနိုင်ငံကို အမည်ပျက်နိုင်ငံအဖြစ် ကြေညာခဲ့ပြီးနောက် စနေနေ့တွင် ရွှေနှင့် ဘတ်ဈေးနှုန်း ရုတ်တရက် မြင့်တက်သွားခဲ့သည်။

သို့ရာတွင် နောက်တစ်ရက်တွင်ပင် ဈေးပြန်ကျလာပြီးနောက် ဈေးတန်းတစ်ခုတွင် ငြိမ်နေခဲ့သည်။

ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။

၂၆ သိန်းခွဲဝန်းကျင်တွင် ငြိမ်နေသည့် ရွှေဈေး

ယခုအပတ်အတွင်း တစ်ကျပ်သားလျှင် နှစ်ဆယ့်ခြောက်သိန်းခွဲဝန်းကျင်တွင် ဈေးပေါက်နေပြီး အတက်အကျမှာ ကျပ်သောင်းဂဏန်းသာရှိနေသည်။

အောက်တိုဘာလ ၂၄ ရက် (တနင်္လာနေ့) က ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင်  နှစ်ဆယ့်ခုနှစ်သိန်း ပေါက်ဈေးရှိနေခဲ့သည်။

ထိုနောက် ကျရိပ်ပြလာပြီး နောက်ရက်များတွင် နှစ်ဆယ့်ခြောက်သိန်းခွဲ ပတ်ချာလည်တွင်သာ တဝဲလည်လည်ဖြစ်နေသည်။

FATF က အမည်ပျက်ကြေညာပြီး အောက်တိုဘာလ ၂၂ ရက်တွင်မူ တစ်ကျပ်သားလျှင် ကျပ်ငါးသိန်းဈေးတက်သွားပြီး ပေါက်ဈေးမှာ သိန်းသုံးဆယ်ငါးသောင်းကျပ် ဈေးဖွင့်ခဲ့ကြသည်။

ရွှေနှင့်အပြိုင် အလှုပ်အခတ်နည်းသည့် ဘတ်ဈေး

အမည်ပျက်စာရင်းကိစ္စကြောင့် ထိုင်းဘတ်ငွေဈေးလည်း ရွှေဈေးနှင့်အတူ အမြင့်ဘက်ကို ပြန်ရောက်သွားပြီးနောက် ယခုအပတ်တွင် ဈေးအလှုပ်အခတ်နည်းနေသည်။

တနင်္လာနေ့(အောက်တိုဘာလ ၂၄)တွင် တစ်ဘတ်လျှင် ၇၇ ကျပ်ဖြင့် ဈေးဖွင့်ခဲ့သည်။

ထိုနောက် ယခုတစ်ပတ်လုံး ဈေးငြိမ်နေပြီး တစ်ဘတ်လျှင် ၁ ကျပ်ဝန်းကျင်သာ ဈေးအတက်အကျရှိနေခဲ့သည်။

ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ ထိုင်းငွေတစ်ဘတ်လျှင် ၇၈ ကျပ်ရှိနေပြီး ထိုင်းငွေ ၁၂၈၀  ဘတ်လဲလျှင် မြန်မာငွေကျပ် တစ်သိန်းရမည်ဖြစ်သည်။

ဂဏာမငြိမ်သည့် စက်သုံးဆီဈေး

ထိုင်းဘတ်နှင့် ရွှေဈေးမှာ အလှုပ်အခတ်နည်းနေသော်လည်း စက်သုံးဆီဈေးမှာ နေ့စဉ်နီးပါး အတက်အကျရှိနေသည်။

ယခုအပတ် တနင်္လာနေ့ဈေးဖွင့်ချိန်က 92 ဓာတ်ဆီတစ်လီတာလျှင် ၂၀၅၀ ကျပ်ရှိခဲ့ပြီး နေ့တိုင်းနီးပါး ဈေးပြောင်းလဲနေသည်။

တနင်္လာနေ့မှ သောကြာနေ့အထိ ကြားရက်များတွင် တစ်လီတာလျှင် ငွေကျပ်ဆယ်ဂဏန်း အတက်အကျရှိနေခဲ့သည်။

အောက်တိုဘာလ ၂၈ ရက် သောကြာနေ့တွင် 92 ဓာတ်ဆီတစ်လီတာလျှင် ၂၀၄၀ ကျပ် ပေါက်ဈေးရှိခဲ့သည်။

အဆိုပါဈေးနှုန်းများမှာ လိုင်စင်ရှိဆီဆိုင်ကြီးများတွင် ရောင်းချရန် စစ်ကောင်စီက သတ်မှတ်ပေးထားသည့် နှုန်းထားများဖြစ်သည်။

စစ်ကောင်စီသတ်မှတ်နှုန်းမှာ မြေပြင်တွင်ရောင်းချနေသည့်ဈေးနှင့် အနည်းဆုံး ကျပ်ရာဂဏန်းမှ ထောင်ဂဏန်းအထိ ကွာခြားနေသည်။

ပန့်ခ်ဖြင့်ရောင်းချနေသည့် ပြင်ပဆိုင်ငယ်များတွင် မြို့ပေါ်နှင့် ကျေးလက်အပေါ်မူတည်ပြီး တစ်လီတာလျှင် ၂၂၀၀ ကျပ်မှ ကျပ် ၃၀၀၀ ကျော်အထိ ရောင်းချနေသည်။

ဈေးကွက်သုံးသပ်ချက်

မြန်မာနိုင်ငံကို ကမ္ဘာ့ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှု ဘဏ္ဍာရေးဆိုင်ရာစောင့် ကြည့်ရေးအဖွဲ့(FATF) က အမည်ပျက်ကြေညာလိုက်ပြီးနောက် ပြည်သူများစိုးရိမ်မှုမြင့်တက်ခဲ့ပြီး ရွှေနှင့် ထိုင်းဘတ်ဈေးများ ရုတ်တရက်မြင့်တက်ခဲ့သည်။

သို့ရာတွင် ယခုအပတ်တွင်မူ ဈေးတည်ငြိမ်လာပြီး လူထုစိုးရိမ်သကဲ့သို့ ရွှေနှင့် ထိုင်းဘတ်ဈေးမှာ အမြင့်ဈေးတွင် ရေရှည်ရှိမနေခဲ့ပေ။

လက်ရှိကမ္ဘာ့ရွှေဈေးမှာ အကျဘက်ရောက်နေပြီး အမေရိကန်ဒေါ်လာလဲလှယ်နှုန်းလည်း ငြိမ်နေသည့်အတွက် ပြည်တွင်းရွှေပေါက်ဈေးလည်း အပြောင်းအလဲနည်းနေမည်ဟု ခန့်မှန်းရသည်။

ကမ္ဘာ့ဈေးကွက်တွင် ရွှေတစ်အောင်စပေါက်ဈေးမှာ ၁၆၄၅ ဒေါ်လာရှိနေသည်။

ပွင့်လင်းရာသီရောက်နေပြီဖြစ်သော်လည်း ပြည်တွင်းတွင် စီးပွားရေးကျပ်တည်းမှုကြောင့် ရွှေအဝယ်နည်းနေခြင်းကလည်း အကျဈေးတွင်သာ ဆက်ရှိနေမည့် အကြောင်းအရင်းတစ်ခုဖြစ်နေသည်။

ပြီးခဲ့သည့်အပတ်ကမူ ထိုင်းဘတ်အဝယ်သာရှိပြီး ထုတ်ရောင်းသူမရှိသဖြင့် ဈေးကွက်အတွင်း ဂယောက်ဂယက်ဖြစ်သွားခဲ့သည်။

လက်ရှိတွင်မူ အမေရိကန်ငွေလဲနှုန်းနှင့် ရွှေဈေး ငြိမ်နေသည့်အတွက် လာမည့်အပတ်တွင် ထိုင်းဘတ်ဈေးလည်း ကြီးမားသည့် အပြောင်းအလဲဖြစ်လာဖွယ်မရှိဟု သုံးသပ်ရပေသည်။

လက်ရှိပေါက်ဈေးတွင်ပင် အပြောင်းအလဲနည်းစွာဖြင့် ဈေးဆက်ဖွင့်နေမည်ဟု ခန့်မှန်းရသည်။

သို့သော် ဘတ်နှင့်ရွှေမှာမူ လဆန်းရက် အရောင်းအဝယ်များချိန်တွင် စျေးကစားလေ့ရှိသဖြင့် အတက်အကျ ခပ်ကြမ်းကြမ်း ဖြစ်ဖွယ်ရှိနေသည်။

ဓာတ်ဆီစျေးမှာမူ အမေရိကန်ဒေါ်လာဈေး၊ ကမ္ဘာ့ရေနံပေါက်ဈေးများအပေါ် အဓိက မူတည်နေသည်။

ရေနံအဓိကထုတ်လုပ်သည့် အိုပက်အဖွဲ့ဝင်နိုင်ငံများက ရေနံစိမ်းထုတ်လုပ်မှုကို တစ်ရက်လျှင် စည်ပေါင်း ၂ သန်းလျော့ချရန် ဆုံးဖြတ်လိုက်သည့်အတွက် ကမ္ဘာ့စက်သုံးဆီဈေးမှာ ဂဏာမငြိမ်ဖြစ်နေသည်။

စွမ်းအင်အကျပ်အတည်းဖြစ်ပြီး ကမ္ဘာ့စီးပွားပျက်ကပ်ဖြစ်မည့်အရေး စိုးရိမ်လာကြသည်။

လက်ရှိဖြစ်နေသည့် အခင်းအကျင်းများက စက်သုံးဆီဈေးတက်ရန် အကြောင်းတရားဖြစ်နေသော်လည်း ပြည်တွင်းဒေါ်လာငွေလဲနှုန်းနှင့်အခြားအကြောင်းများကြောင့် အဆမတန်တက်မည့်အနေအထားမရှိဟု ခန့်မှန်းရသည်။