ထားဝယ်ထောင် ထောင်ဝင်စာပါဆယ်ပို့ခွင့် အောက်တိုဘာ ၃၁ရက်တွင် ပြန်လက်ခံမည်

0
2390

ထားဝယ်အကျဉ်းထောင်တွင် ထောင်ဝင်စာပါဆယ်ပို့ခွင့်ကို အောက်တိုဘာလ ၃၁ ရက်နေ့ကစပြီး ပြန်လည် လက်ခံမည်ဖြစ်ကြောင်း ထားဝယ်အကျဉ်းထောင်ရှေ့တွင် ယနေ့ စာကပ်ကြေညာထားသည်။

ထောင်ဝင်စာပါဆယ်ပို့ခွင့်အား ပိတ်ပင်ထားပြီး ၁၃ ရက်အကြာတွင် ပြန်လည်ခွင့်ပြုရန် လုပ်ဆောင်ခြင်း ဖြစ်သည်။

ထောင်ဝင်စာလာပို့သည့် ပါဆယ်ပစ္စည်းများကို သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီသာ လက်ခံမည် ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ထောင်ဝင်စာပါဆယ်ပစ္စည်းများကို နံနက် ၇ နာရီခွဲမှ နေ့လယ် ၁၁ နာရီအထိ၊ မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီအထိ စိစစ်လက်ခံမည်ဖြစ်ကြောင်း ဖော်ပြသည်။

အကျဉ်းသား၊ အကျဉ်းသူ၊ အချုပ်သား၊ အချုပ်သူများ၏ ပါဆယ်ပေးသွင်းခွင့်ကို တစ်ပတ် တစ်ကြိမ်သာ ခွင့်ပြုမည်ဟု ဆိုသည်။

အကျဉ်းသား၊ အကျဉ်းသူများ၏ ပါဆယ်ပစ္စည်းကို တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့များတွင် လက်ခံမည်ဖြစ်ပြီး အချုပ်သား၊ အချုပ်သူများ၏ ပါဆယ်ကို အင်္ဂါနေ့နှင့် ကြာသပတေးနေ့များတွင်သာ လက်ခံမည်ဖြစ်ကြောင်း ကြေညာထားသည်။

ထောင်ဝင်စာလာပို့သူသည် မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း၊ အကျဉ်းသား၊ အကျဉ်းသူ၊ အချုပ်သား၊ အချုပ်သူနှင့် အမှန်တကယ်ဆွေမျိုးတော်စပ်ကြောင်း ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်၊ ရဲစခန်းထောက်ခံချက်များ ပြည့်စုံမှန်ကန်မှုရှိမှသာ ပါဆယ်ပေးသွင်းခွင့်ပြုမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

ယင်းအပြင် လာပို့သည့် ပါဆယ်ပစ္စည်းများကို ဝန်ထမ်းများ၏ရှေ့တွင် ကိုယ်တိုင်ဖွင့်ဖောက်ပြရမည်ဖြစ်ပြီး ဖွင့်ဖောက်စစ်ဆေးရန် ငြင်းဆန်သည့် ပါဆယ်များကို လက်ခံမည်မဟုတ်ဟုလည်း ဆိုသည်။

ပါဆယ်လာပို့သူသည် တာဝန်ကျဝန်ထမ်း၏ စစ်ဆေးခြင်းကို ကြည်ဖြူစွာလက်ခံရမည်ဖြစ်ပြီး ပါဆယ်အိတ် အကြည်ဖြင့် လာပို့သည့် ပါဆယ်ပစ္စည်းများကိုသာ လက်ခံမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြသည်။

အောက်တိုဘာလ ၁၉ ရက် နံနက်ပိုင်းက ရန်ကုန် အင်းစိန်ထောင်ပါဆယ်လက်ခံသည့်နေရာတွင် ဗုံးပေါက်ကွဲပြီးနောက် တစ်နိုင်ငံလုံးရှိ ထောင်အများအပြားတွင် ထောင်ဝင်စာပို့ခွင့် ရက်အကန့်အသတ်မရှိ ပိတ်ထားခြင်း ဖြစ်သည်။

ကြေညာချက်ပါ အချက်အလက်များအရ ယခင်ကထက် စည်းကမ်းပိုတင်းကျပ်လာကြောင်း ထားဝယ်မြို့မှ ထောင်ဝင်စာပို့နေသူတစ်ဦးက ပြောသည်။

“အရင်တုန်းကတော့ (လွန်ခဲ့တဲ့ ၃ လခန့်က) ပါဆယ်ပစ္စည်းကိုလည်း မစစ်ဘူး။ သူတို့စစ်တာက အဲဒီလောက်ကြီး မဟုတ်ဘူး။ ဘာတွေပါလဲဆိုတာလောက်ပဲ။ လူကိုလည်း မစစ်ဘူး” ဟု ၎င်းက ဆိုသည်။

ယခင်က ထောင်တွင်း စစ်ဆေးမှု လျော့ရဲသည်ကို အခွင့်ကောင်းယူကာ မူးယစ်ဆေးဝါးများ ယူသွင်းခြင်း၊ အင်းစိန်ထောင်တွင် ပါဆယ်ဗုံးပေါက်ကွဲမှုဖြစ်ပွားခြင်းတို့ကြောင့် ယခင်ထက်ပိုကာ စစ်ဆေးမှု တင်းကျပ်လာနိုင် ကြောင်း အထက်ပါအမျိုးသားက ပြောဆိုသည်။

ထောင်ဝင်စာ ပါဆယ်ပို့ခွင့် ပိတ်ပင်ထားသည်မှာ ၁၀ ရက် ကြာမြင့်လာပြီဖြစ်သဖြင့် အကျဉ်းသားများ၏ စားရေးသောက်ရေး အခက်အခဲကြုံနေရပြီဖြစ်ကြောင်း အကျဉ်းသား မိသားစုဝင်အချို့ ပြောသည်။

ယင်းသို့ အခက်အခဲကြုံနေရသဖြင့် ထောင်ဝင်စာ ပါဆယ်ပို့ခွင့် ပြုမည့်သတင်းကို စောင့်မျှော်နေခြင်းဖြစ်ကြောင်း ထားဝယ်မြို့က နိုင်ငံရေးအကျဉ်းသားတစ်ဦး၏ မိခင်တစ်ဦးက ပြောဆိုသည်။

အင်းစိန်အကျဉ်းထောင်၏ ထောင်ဘူးဝရှေ့ ထောင်ဝင်စာ ပါဆယ်လက်ခံသည့်နေရာတွင် ပါဆယ်ဗုံးပေါက်ကွဲမှု နှစ်ကြိမ် ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ၈ ဦးသေဆုံးကာ ၁၈ ဦးဒဏ်ရာရခဲ့သည်။ ဗုံးပေါက်ကွဲသည့်နေ့တွင်ပင် ထားဝယ် အကျဉ်းထောင်၌ ထောင်ဝင်စာပါဆယ်ပို့ခွင့် ပိတ်သိမ်းသွားခြင်းဖြစ်သည်။